DVB Logo
Home
မြန်မာသတင်း
ကျောင်းသူထံမှ ခြိမ်းခြောက်ငွေတောင်းသည့် ကျောင်းသား ၄ ဦးကို ဖမ်းဆီး
DVB
·
July 30, 2018
ကျောင်းသူထံမှ ခြိမ်းခြောက်ငွေတောင်းသည့် ကျောင်းသား ၄ ဦးကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ အွန်လိုင်း (ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာ) ကနေတဆင့် တက္ကသိုလ်ကျောင်းသူတယောက်ရဲ့ မဖွယ်မရာပုံတွေကို အသုံးပြုပြီး ခြိမ်းခြောက် ငွေတောင်းခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ၄ ယောက်ကို အမှုဖွင့်ပြီး ၂ နာရီအတွင်းမှာ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ မုံရွာမြို့မရဲစခန်းက ပြောပါတယ်။

မုံရွာတက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှာ တတိယနှစ် တက်ရောက်ပညာသင် ကြားနေတဲ့ ကျောင်းသူတဦးဟာ သူငယ်ချင်းတွေနဲ့အတူ လွန်ခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က မုံရွာမြို့လယ် ရွှေစည်းခုံဘုရားဖူးသွားရာမှာ OPPO neo 7 အမျိုးအစား ဖုန်းကျပျောက်ခဲ့ပါတယ်။

ဖုန်းကို ပြန်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းရသူက ပြန်မပေးခဲ့တဲ့အပြင် ခြိမ်းခြောက်တာတွေရှိခဲ့ပြီး ဇူလိုင် ၂၆ ရက်နေ့မှာတော့ April May facebook အကောင့်မက်ဆင်ဂျာကနေတဆင့် ဆက်သွယ်လာပြီး ငွေသိန်း ၂ဝ ပေးဖို့ပြောလာကာ မပေးရင် ဖုန်းထဲရှိ မဖွယ်မရာပုံတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

နောက်နေ့မှာတော့ Wave Money ဝန်ဆောင်မှုလုပ်ငန်းကနေ ငွေ ၅ သိန်းကို ဇူလိုင် ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီကနေ ၃ နာရီအချိန် နောက်ဆုံး လွှဲပေးဖို့ တောင်းခံလာတဲ့အတွက် မတတ်သာတဲ့အဆုံး အဆိုပါ ကျောင်းသူက ရဲစခန်းကို သွားရောက်အမှုဖွင့် တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက Mytel ဆက်သွယ်ရေးအော်ပရေတာ၊ Wave Money ဝန်ဆောင်မှုလုပ်ငန်းတို့ကို ဆက်သွယ်အကူအညီတောင်းခံရာကနေ တရားခံအားလုံးကို အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့တာလို့ စခန်းမှူး ဒုရဲမှူး ကျင်စိန်က ဒီဗွီဘီကိုပြောပါတယ်။

“ဒါမျိုးက ဒီနှစ်အတွင်း မုံရွာမှာတော့ ပထမဆုံးပါ။ ဒါနဲ့ပတ်သက်ပြီး တရားခံ ဖော်ထုတ်နိုင်ရေးအတွက် ဆက်သွယ်ရေးအော်ပရေတာ၊ ဝေ့မန်းနီးဆိုင်တွေကို သွားပြီး အကူအညီတောင်းခဲ့ရတယ်။ မုံရွာနယ်မှာက ဝေ့မန်းနီးဆိုင် ၃ဝဝ ကျော်ရှိတယ်။ အဲဒီက ၅ သိန်း အထက် ငွေလွှဲနိုင်တဲ့ဆိုင်တွေပြန်ခွဲလိုက်တော့ ဆိုင် ၁ဝဝ ကျော်ရှိတယ်။ ဒါနဲ့ ဒီဆိုင်တွေကို ငွေ ၅ သိန်း လာထုတ်သူရှိရင် အကြောင်းကြားဖို့ အကူအညီတောင်းပြီး ကောင်မလေးကို လျှို့ဝှက်နံပါတ်အတုနဲ့ ငွေလွှဲခိုင်းပြီး ဝေ့မန်းနီးဆိုင်တွေမှာ စောင့်ကြည့်ခဲ့တာပေါ့။ တိုင်ပြီး ၁ နာရီလောက်အကြာမှာ ဆိုင်ကယ်နဲ့ငွေလာထုတ်တဲ့ ကျောင်းသား ၃ ယောက်ကို ဖမ်းမိခဲ့တာ။ ဖမ်းခံရသူတွေရဲ့ ထွက်ဆိုချက်အရ နောက်ကွယ်က စေခိုင်းသူကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခုလို နောက်နောင်မှာ မဖြစ်ပွားရအောင် သတိပြု ဆင်ခြင်နေထိုင်စေချင်တယ်။ ကျောင်းသူမလေးရဲ့အရှက်ကိုလည်း ကာကွယ်နိုင်သလို အချိန်တိုအတွင်းမှာ တရားခံတွေ ဖော်ထုတ်နိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာမိပါတယ်” လို့ စခန်းမှူး ဒုရဲမှုးကျင်စိန်က ပြောပါတယ်။

အွန်လိုင်းကနေ ခြိမ်းခြောက်ငွေတောင်းဖို့ စေခိုင်းသူက စီးပွားရေးအဝေးသင် တတိယနှစ်တက်နေတဲ့ ပုလဲမြို့နယ်၊ ကံပေါက်ကျေးရွာက ပြည့်ဖြိုးဦး ၂၁ နှစ် ဖြစ်ပြီး အတူပူးပေါင်းကြံစည်သူတွေက တတိယနှစ်၊ သင်္ချာအထူးပြုကျောင်းသား စောညီညီ ၂၃ နှစ် နဲ့ အတန်းတူ၊ ဘာသာတူ မိုးထက် ၂၃ နှစ် တို့ဖြစ်ပြီး တတိယနှစ်၊ စီးပွားရေးတက္ကသိုလ် ကျောင်းသား အောင်လုနိုင် ၂၁ နှစ်  ကတော့ ငွေထုတ်ဖို့ ဆိုင်ကယ်မောင်းလိုက်ပို့ခဲ့တာလို့ ရဲစစ်ချက်တွေအရ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူ ၄ ဦးကိုတော့ မုံရွာမြို့မရဲစခန်းက (ပ)၁၂၃ဝ/၂ဝ၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ခြိမ်းခြောက် ငွေတောင်းခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013