မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီတချို့အကြား လာမယ့် ရက်သတ္တပတ်တွေမှာ တွေ့ဆုံဖို့ အစိုးရ ၀န်ကြီး ၂ ဦးက ကြိုတင်ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ဒီမိုကရေစီ ၁၀ ပါတီလို့ လူသိများတဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပေါ်ပေါက်ခဲ့တဲ့ ၁၀ ပါတီနဲ့ မကြာခင်က တွေ့ဆုံခဲ့ပါတယ်။
အခုကြိုတင်ညှိနှိုင်းမှုတွေကိုတော့ သမ္မတရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ရထားဝန်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုးသိမ်းတို့က စီစဉ်တာဖြစ်ပြီး ပါတီတွေရဲ့ ဆွေးနွေးချက်တွေကို မှတ်သားပြီး သမ္မတနဲ့ တွေ့ဆုံနိုင်အောင် စီစဉ်မယ့် အကြောင်း ပြောဆိုသွားတယ်လို့ သိရပါတယ်၊၊
ဒီဆွေးနွေးပွဲကို ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံညီညွတ်ရေးပါတီ၊ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဦးပူကျင့်ရှင်းထန် ဦးဆောင်တဲ့ ဇိုမီးပါတီ အပါအ၀င် အားလုံး ပါတီ ၁၄ ခုက ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ခဲ့ပါတယ်၊၊
ရန်ကုန်က စက်မှုဝန်ကြီး ရုံးမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်က ပြန်ကြားရေးတာဝန်ခံ ဦးသန်းထွန်းက အခုလို ရှင်းပြပါတယ်။
“မီးရထားဝန်ကြီး ဦးအောင်မင်းက ဘာပြောလဲဆိုတော့ ဒီနေ့ခေါ်တဲ့အစီအစဉ်က နိုင်ငံတော် သမ္မတကြီးရဲ့ ညွှန်ကြားချက်ကြောင့်၊ နိုင်ငံတော်သမ္မတကြီးအနေနဲ့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အတွက် ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံဆွေးနွေဖို့၊ တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့ရော၊ တွေ့ဆုံပြီးတော့ အဖွဲ့အစည်းအသီးသီးက တင်ပြချက်တွေကို သူနားထောင်မယ်။ နားထောင်ပြီးတော့ လတ်တလော ဖြေရှင်းလို့ ရတာ ဖြေရှင်းပေး မယ်။ ဖြေရှင်းလို့မရတာတွေကို သူစဉ်းစားမယ်။ ဒီတော့ ကျနော်တို့ နိုင်ငံရေးပါတီတွေက သမ္မတကြီးနဲ့တွေ့တဲ့အခါမှာ ဘာတွေပြောဆိုဆွေးနွေးမလဲဆိုတာကို ဦးအောင်မင်းက ကြိုတင် အချက်အလက်ယူတဲ့ သဘောမျိုးပေါ့။ သမ္မတကြီးနဲ့တွေ့တဲ့အခါ အချိန်မကုန်အောင်ပေါ့။”
ဆွေးနွေးပွဲ တက်ရောက်လာတဲ့ တိုင်းရင်းသားပါတီတွေဟာ တိုင်းရင်းသားဒေသက စစ်ပွဲရပ်စဲရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပြီး၊ အစိုးရ၀န်ကြီး နှစ်ယောက်ကလည်း ငြိမ်းချမ်းရေးအတွက် သူတို့ လတ်တလော လုပ်ဆောင်နေတဲ့ ကိစ္စတွေကို ပြန်ပြီး ရှင်းပြသွားတယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။
ဒီလို ဆွေးနွေးပွဲတွေကနေတဆင့် တိုင်းရင်းသားအားလုံး ပါဝင်မယ့် ညီလာခံကြီးတခု ကျင်းပပြီး၊ အဲဒီမှာ တိုင်းရင်းသားကိစ္စတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စတွေကို ဆွေးနွေးသွားဖို့ ရည်ရွယ်ထားတဲ့အကြောင်း အစိုးရဘက်က ကိုယ်စားလှယ်ဖြစ်တဲ့ ဦးအောင်မင်းက ဆွေးနွေးသွားတယ် လို့လည်း အမျိုးသားဒီမိုကရေစီပါတီသစ်က ပြန်ကြားရေးတာဝန်ခံ ဦးသန်းထွန်း ပြောပြပါတယ်၊၊
“အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီတော့ မပါသေးဘူး။ နောက်မှအလှည့်ရောက်မယ်ထင်တယ်။ သမ္မတကပြောတာ တိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ စကားပြောမယ်၊ ညှိနှိုင်းမယ်ပြောထားတာကို။ ဦးအောင်မင်းပြောတာက နိုင်ငံရေးပါတီတွေရော၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ အန်ဂျီအိုတွေရော လူမှုရေးအဖွဲ့အစည်းတွေရော အားလုံးပါဝင်နိုင်တဲ့ ပြည်လုံးကျွတ်ညီလာခံသဘောမျိုး တွေ့ဆုံဆွေးနွေးပွဲကြီးတရပ် နေပြည်တော်မှာကျင်းပ၊ ပြီးတော့ အခြေခံဥပဒေမှာပါတဲ့ မကောင်းတဲ့အချက်၊ တိုင်းပြည်မှာ လက်တွေ့မကျတဲ့ အချက်တွေကို ပြင်ဆင် ဖို့တွေကို ညီလာခံလို၊ အစည်းအဝေးလိုပုံစံမျိုးတွေကနေ ထုတ်ပြ၊ ပြီးရင် လွှတ်တော်ကိုတင်ပြ၊ ဒါမျိုးတွေ လုပ်ဖို့ စဉ်းစားထားတယ်။ နောက် ငြိမ်းချမ်းရေးစင်တာ တခုဖွင့်မယ်။ ငွေရေးကြေးရေးပိုင်း အခက်အခဲရှိနေတယ်။ ဖွင့်ပြီးရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေကို ငြိမ်းချမ်းရေးစင်တာကနေ ဆောင်ရွက်မယ်။ အဲကို လာပြီးတော့ အန်ဂျီအိုတွေရော အကုန်လုံး၊ လာတင်ပြကြ။ အဲတင်ပြချက်တွေကနေ ပြည်တွင်းငြိမ်းချမ်းရေးကို ချီတက်သွားကြမယ်ပေါ့။”
ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးမျိုးကျော်က လည်း သူ့အမြင်ကို အခုလိုပြောပါတယ်။
“အခု တွေ့ရတာကတော့ ကျနော်တို့ အနေနဲ့ ပထမဦးဆုံး အကြိမ်ပေါ့။ ဒီပုဂ္ဂိုလ်တွေက အတော်လေးကို ပျော့ပျော့ပျောင်းပျောင်းနဲ့ လက်ခံဆွေးနွေးပါတယ်။ အပြုသဘော ရှိပါတယ်။ ကောင်းပါတယ်။ နောင်အခါလည်း တိုင်းရင်းသားတွေကလည်း တိုင်းရင်းသားအရေးတွေ၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်မယ့် အရေးတွေကို အခုလို နိုင်ငံရေးအဖွဲ့အစည်းတွေကနေ နိုင်ငံရေးအရ ဆွေးနွေးသွားမယ်ဆိုရင် မကြာခင်လည်း ကျနော်တို့ နိုင်ငံလည်း စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကို ရောက်မယ်လို့ ယုံကြည်ပါတယ်။”
ပါတီတွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံပွဲကို အစောဆုံး လာမယ့် စနေ၊ တနင်္ဂနွေ သို့မဟုတ် အဆင်ပြေမယ့် ရက်ကို စီစဉ်ထားတယ်လို့ ဦးသန်းထွန်းက ရှင်းပြပါတယ်။











