DVB Logo
Home
မြန်မာသတင်း
အကူအညီလိုနေသည့် ရေဘေးသင့်ပြည်သူများ ဆက်သွယ်ရန် လူကယ်ပြန်ဝန်ကြီးတိုက်တွန်း
DVB
·
July 30, 2018
အကူအညီလိုနေသည့် ရေဘေးသင့်ပြည်သူများ ဆက်သွယ်ရန် လူကယ်ပြန်ဝန်ကြီးတိုက်တွန်း
Donate to DVB

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို လျင်မြန်အောင်ကြိုးစား ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ အရေးတကြီး လိုအပ်တာတွေရှိပါက ဆက်သွယ်အကူအညီတောင်းကြဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

လတ်တလော ကရင်ပြည်နယ်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအပါအဝင် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများဖြစ်ပွားနေတဲ့အတွက်  ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အစိုးရက ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာနဲ့ တွေ့ ဆုံမေးမြန်းရာမှာ ပြောသွားတာပါ။

ဒေါက်တာ ၀င်းမြတ်အေးက “တခါတလေကျရင် ကျနော်တို့ ဝန်ထမ်းအင်အားကလည်း နည်းတယ်၊ မရောက်သေးဘူး၊ မလာသေးဘူး၊ အဲဒီလိုမျိုးတွေလည်း ရှိတတ်ပါတယ်။ လိုအပ်ချက်တွေ မှန်သမျှကို အရေးပေါ်ရင်ပေါ်သလို  ကျနော်တို့ကို ဆက်သွယ်ပါ၊ အရေးတကြီး လိုအပ်တာ တွေရှိလို့ ဆက်သွယ်လိုက်ရင် ကျနော်တို့က ဦးစားပေး အနေနဲ့ လုပ်ပေးပါမယ်။ ပုံမှန်အားဖြင့် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တာ အကုန်လုံးကိုတော့ လုပ်နေပါတယ်။ ဒါကိုလည်း လျင်မြန်အောင် ကြိုးစားနေ တယ်။ သို့သော် လျင်မြန်အောင် ကြိုးစားတဲ့ကြားက နှေးနေသေးတယ်ဆိုရင်၊ အထူးလိုအပ်တယ်ဆိုရင် ဆက်သွယ်လိုက်ပါ။ အထူး ဆက်သွယ်တယ်ဆိုတာ ရုံးဖုန်းတွေကို ရအောင်ဆက်သွယ်ပါ။ ရအောင်ဆက်သွယ်လိုက်ရင် ပိုပြီးတော့ ဦးစားပေး ဆောင်ရွက်လို့လည်းရတယ်။ ပိုပြီးတော့ အာရုံစိုက်လို့လည်းရတယ်။ ကျနော်တို့ ရှိတဲ့ အင်အားနဲ့ အစွမ်းကုန်ကြိုးစားနေတယ်”လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင် ဖုန်းနံပါတ် ဝ၆၇-၃၄ဝ၄၆၆၄၊ ဝ၆၇-၃၄ဝ၄၇၇၇ တို့ကို ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ရေဘေးသင့်ပြည်သူတွေအနေနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ဇူလိုင် ၂၉ ရက်ထိ နှစ်သောင်းကျော်၊ မွန်ပြည်နယ် တစ်သောင်း ရှစ်ထောင်၊ တနင်္သာရီတိုင်းဒေသကြီးမှာ ခြောက်ထောင်ကျော်၊ ကရင်ပြည်နယ်မှာ တစ်သောင်း လေးထောင်နီးပါးလောက် ရှိနေတယ်လို့ ၀န်ကြီးကပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး တစ်ခုလုံးမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၄၂ ခုရှိတယ်။ မွန်ပြည်နယ် ဘီးလင်းမှာ စခန်းပေါင်း ၃၉ ခု၊ တနင်္သာရီတိုင်းဒေသကြီးမှာလည်း စခန်း ၁၃ ခုနဲ့ ကရင်ပြည်နယ်မှာ စခန်း ၅၂ ခုရှိတယ်လို့ဆိုပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းထုပ်တွေအပါအ၀င် စားနပ်ရိက္ခာတွေ ဝေပေးနေသလို ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးလေးတွေ၊ မွေးကင်းစကနေ ခြောက်လအောက် ကလေးတွေအတွက် အမေတွေကို လူကယ်ပြန်ဌာနက ငွေထောက်ပံ့ ပေးနေတာတွေလည်းရှိပါတယ်။

ဒါပေမယ့် ရေကြီးမှုနဲ့ ကြုံတွေ့နေရတာ ရက်ကြာလာတာနဲ့အမျှ ရေဘေးရှောင်စခန်း တချို့မှာ လူဦးရေနဲ့ရှိတဲ့ နေရာမမျှတဲ့ပြဿနာနဲ့ အညစ်အကြေးစွန့်တဲ့ ပြဿနာတွေ ရှိနေတဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိထားစရာတွေ ရှိနေတယ်လို့ ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက နိုင်ငံပိုင်မီဒီယာကို  ပြောပါတယ်။

ဓာတ်ပုံ- MSWRR

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013