ရန်ကုန်မြို့သစ်စီမံကိန်းများ အမှန်တကယ် လိုအပ်မှ လုပ်ဆောင်ရန် သမ္မတ သတိပေး
အောင်သူ
·
July 30, 2018

ရန်ကုန်တိုင်းဒေသကြီးမှာ ဖော်ဆောင်နေတဲ့ မြို့သစ်စီမံကိန်းတွေကို အမှန်တကယ် လိုအပ်မှာသာ လုပ်ဆောင်ဖို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တရားစီရင်ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေနဲ့ ဇူလိုင် ၂၉ ရက် တွေ့ဆုံပွဲမှာ ပြောဆိုသွားတာပါ။
ရန်ကုန်မှာ မြို့သစ်စီမံကိန်းတွေ အကောင်အထည်ဖော်ပြီး လူသူမရှိမယ့် အဖြစ်မျိုးကိုလည်း စိုးရိမ်တယ်လို့ သမ္မတက ပြောသွားကြောင်း ရန်ကုန်တိုင်း တွေ့ဆုံပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။
“တိုင်းအစိုးရက လုပ်မယ့် စီမံကိန်းတွေမှာ မြို့သစ်စီမံကိန်းလို ကိစ္စမျိုးမှာဆိုရင် သေချာ အလေးထားပြီးတော့ တကယ်လိုအပ်ချက် ရှိတယ်ဆိုရင် အလေးထား ဆောင်ရွက်ဖို့ ပြောသွားတယ်။ နောက်တခုက တကယ်ကိုပဲ လိုအပ်နေပြီလား၊ မြို့သစ်တွေ ဖော်ထုတ်ပြီးတော့ လမ်းတွေ၊ တံတားတွေ ပြည့်ပြည့်စုံစုံ ဖြစ်ပြီလား၊ အိမ်ရာတွေ ပြည့်ပြီလား၊ တချို့ကလည်း ဒီဘက်က မြို့သစ်၊ ဟိုဘက်က လယ်ကွင်း။ ဒါမျိုးတွေ ဖြစ်နေတော့ ဖရိုဖရဲနဲ့ အကုန်လုံး အဟောသိကံ ဖြစ်သွားမှာကို မလိုလားတဲ့သဘောမျိုး သမ္မတကြီးက ပြောသွားပါတယ်။ တကယ်လို့ လိုအပ်တယ်ဆိုရင် သေချာစိစစ်ပြီးမှ ဆောင်ရွက်ဖို့ ကိစ္စတွေကို သမ္မတကြီးက ပြောသွားပါတယ်။”
အဲဒီတွေ့ဆုံပွဲမှာ မြို့သစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့ တိုင်းအစိုးရအနေနဲ့ ဆောင်ရွက်နေတယ်လို့ တင်ပြခဲ့ပါတယ်။ တိုင်းအစိုးရအနေနဲ့ မြို့ထဲမှာ များပြားလာတဲ့ လူဦးရေကို ချဲ့ထုတ်ဖို့အတွက် မြို့သစ်စီမံကိန်းတွေ လုပ်ဆောင်နေတဲ့အကြောင်း ပြောဆိုနေပေမယ့်လည်း ဒါတွေက ရေရှည်စီမံကိန်း ဖြစ်သလို လက်ရှိ နိုင်ငံ စီးပွားရေး အခြေအနေအရ မလုပ်စေချင်ဘူးလို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
“ဝန်ကြီးချုပ်ကတော့ တင်ပြရတာပေါ့။ ဒါကတော့ လွှတ်တော်မှာ ဆွေးနွေးနေတာပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တင်သွင်းသမျှ အားလုံးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုတာ တခုမှ မရှိသေးဘူး။ မှတ်တမ်းအဖြေပဲ ထားရှိတယ်။ မြို့သစ်စီမံကိန်းက အခုလက်ရှိအနေအထားက မြို့သစ်စီမံကိန်း မှန်တယ်၊ အကောင်အထည်ဖော်ရမှာ မှန်တယ်၊ မြို့တော်ဝန်ကြီးလည်း ရှင်းပြတယ်။ ဗဟိုခွာစနစ်ပေါ့လေ။ မြို့ထဲမှာ ကျပ်နေတာ၊ လူထုတွေကို အပြင်ဆွဲထုတ်တယ်ပေါ့။ အဲဒါတွေက သူ့အမြင်နဲ့သူ ပြောသွားတာပေါ့။ အန်ကယ်တို့အမြင်နဲ့လည်း ဒီအနေအထားကတော့ မြို့သစ်စီမံကိန်းက ရေရှည်စီမံကိန်းကြီးလေ။ စီ လေးလုံး ကုမ္ပဏီနဲ့လည်း လေ့လာနေတယ်။ အသေးစိတ် မသိသေးဘူး။ အသေးစိတ် သူတို့ ဆာဗေးလုပ်နေတာတွေကို လုပ်နိုင်အောင် လုပ်နေတယ်။ အန်ကယ်တို့ကို ပြန်တင်ပြပါ။ တင်ပြတော့မှ လွှတ်တော်ကနေ ဆုံးဖြတ်မယ်။ အတည်ပြုချက်ရပြီးမှ ဆက်လုပ်စေချင်တယ်။ လောလောဆယ်တော့ မလုပ်စေချင်ပါဘူး။ ရေရှည်စီမံကိန်းကြီး ဖြစ်တဲ့အတွက် နိုင်ငံ့အနေအထားကလည်း မလိုသေးဘူးလေ။”
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ JICA နဲ့ပူးပေါင်းပြီး ၂ဝ၁၄ ကနေ ၂ဝ၄ဝ အထိ Master Plan ရေးဆွဲပြီး လုပ်ဆောင်နေကြောင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ မီးရထားလမ်းတွေ အဆင့်မြှင့်တင်ဖို့၊ ကျူးကျော်နေထိုင်နေတဲ့သူတွေကို စနစ်တကျနေရာချထားနိုင်ရေးအတွက် တွေပါ ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းမှာရှိနေတဲ့ ဈေးတွေကို အဆင့်မြှင့်တင်ဖို့နဲ့ အရင်အစိုးရ လက်ထက်က ရပ်နားခဲ့တဲ့ ကားပါကင်ကြေး ကောက်ခံတာတွေကိုလည်း ပြန်လည်ကောက်ခံသွားဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။