DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံမြေယာ ပြန်လည်ရရှိရေး ဆောင်ရွက်ရာတွင် တပ်သိမ်းမြေကိစ္စ အခက်ဆုံးဖြစ်နေ
DVB
·
July 30, 2018
သိမ်းဆည်းခံမြေယာ ပြန်လည်ရရှိရေး ဆောင်ရွက်ရာတွင် တပ်သိမ်းမြေကိစ္စ အခက်ဆုံးဖြစ်နေ
Donate to DVB

သိမ်းဆည်းခံမြေယာတွေ မူလပိုင်ရှင်တောင်သူတွေ ပြန်လည်ရရှိရေးနဲ့ပတ်သတ်လို့ ဆောင်ရွက်ရာမှာ တပ်သိမ်းမြေယာကိစ္စ လုပ်ငန်းစဉ်တွေက အခက်ခဲဆုံးနဲ့ အကြန့်ကြာဆုံးဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြည်လည် စိစစ်ရေးကော်မတီက သိရပါတယ်။

မကွေးတိုင်းဒေသကြီး မြေယာစိစစ်ကော်မတီဝင် ဦးအောင်ကျော်ကျော်က" ကျနော်တို့ မကွေးတိုင်းမှာ အသိမ်းခံထားရတဲ့ စုစုပေါင်းမြေဧက လေးသိန်းခွဲကျော်ရှိတယ်လို့ ၂၀၁၄ ခုနှစ်က စစ်တမ်းကောက်ယူပြီး တောင်သူလယ်သမား သမဂ္ဂက ထုတ်ပြန်ခဲ့တယ်။ သိမ်းဆည်းခံမြေ လေးသိန်းခွဲမှာ တပ်သိမ်းမြေက အများဆုံးဖြစ်တယ်၊ အကြီးစား ကာကွယ်ရေးပစ္စည်းစက်ရုံ က.ပ.စ က စက်ပစ်ကွင်းကိုအကြောင်းပြုပြီး သိမ်းဆည်းတာဖြစ်တယ်”လို့ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံတွေဟာ တစ်နိုင်ငံလုံးမှာ ၄၅ရုံလောက်ရှိတဲ့ အနက်မှာ မကွေးတိုင်း ဒေသကြီးအတွင်း အများဆုံးဖြစ်တယ်လို့သိရပါတယ်။

တောင်သူတွေ စိုက်ပျိုးနိုင်အောင်အတွက် တပ်မတော်အနေနဲ့ သိမ်းဆည်းထားတဲ့ မြေတွေကို အမြန်ဆုံးပြန်လည်ပေးအပ်ဖို့လည်း မကွေးတိုင်း မြေယာစိစစ်ကော် မတီဝင် ဦးအောင်ကျော်ကျော်က တောင်းဆိုပါတယ်။

“ကုမ္ပဏီသိမ်းမြေနဲ့ ဌာနဆိုင်ရာသိမ်းမြေတွေက သိပ်မခက်ဘူး။ တပ်သိမ်းမြေက အခက်ဆုံးဖြစ်နေတယ်။ တပ်သိမ်းမြေကို တကယ်ထိထိရောက်ရောက်ပြန်ပေးနိုင်တာကတော့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက က.ပ.စ (၂၄)အတွက် သိမ်းခဲ့တဲ့ ဧက ၃၀၀၀ အနက်က ၂၆၆၅ဧကကို တောင်သူတွေလက်ထဲ ပုံစံ(၇)တွေထုတ်ပေးတဲ့ အထိဆောင်ရွက်နိုင်ခဲ့တယ်။ မကွေးမြို့ပေါ်မှာ ဆိုရင် အမြှောက်တပ်က သိမ်းဆည်းထားတဲ့ ဧက ၅၀၀ ပြန်ပေးဖို့က သေချာသွားပြီး ဒါပေမယ့် အလုပ်လုပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ထစ်နေတယ်။ တခြား မင်းလှ၊ မလွန်၊ ဆင်ပေါင်ဝဲ၊ စေတုတ္တရာ၊ ပေါက်၊ ဂန့်ဂေါမြို့နယ်တွေမှာရှိတဲ့ ကပစ စက်ရုံတွေ သိမ်းဆည်းထားတဲ့မြေတွေဆိုရင်ပြန်မရသေးဘူး။ ကျနော်တို့ တောင်သူတွေ စိုက်လို့ပျိုးလို့ ရအောင်၊ စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကိုလည်းမြှင့်တင်လို့ ရအောင် ပြန်ပေးဖို့ တပ်မတော်ကို တောင်းဆိုချင်ပါတယ်"လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး လယ်/ဆည် ဝန်ကြီး ဦးဝင်းမော်ဌေးက"သိမ်းဆည်းမြေတွေကို မူလတောင်သူတွေကို ပြန်ပေးတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မပါတဲ့အတွက် တချို့ နေရာတွေမှာ လုပ်ရကိုင်ရတာ အဆင်မပြေတာလေးတွေကိုလည်း ပြန်ညှိပေးဖို့လိုပါတယ်။ မူဝါဒ လုပ်ထုံးလုပ်နည်းတွေ ပြတ်ပြတ်သားသားမရှိတဲ့ဟာတွေလည်း ရှိတယ်။ လုပ်ထုံးလုပ်နည်းတွေကြောင့် ကြံကြာမှုရှိနေတာတွေ့ရတယ်။ နိုင်ငံတော်သမ္မတ ကြီးကလည်း ကြံ့ကြာမှုမရှိဘဲ အမြန်ဆုံးဆာင်ရွက်နိုင်ဖို့ ၂၀၁၈ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီးတော့ မြေသိမ်းစစ်လုပ်ငန်းတွေကို အကုန်လုံး အပြီးပြတ်ဆောင်ရွက်နိုင်ဖို့ ညွှန်ကြားထားတယ်။ မြေသိမ်းစစ်ကော်မတီ အစည်းဝေးကို တစ်လ တစ်ကြိမ်လုပ်သင့်တယ်။ ၂၀၁၈ခုနှစ်မှာ တစ်ကြိမ်တည်း လုပ်ရသေးတယ်။ အမှုအားလုံးကို တစ်ရက်တည်းစစ်ရတော့ သေချာလေး လုပ်နိုင်မှု မှာအားနည်းတာပေါ့၊ မြေသိမ်းခံရတဲ့တောင်သူတွေ အနေနဲ့ သိမ်ဆည်းမြေပြန်လည်ရရှိဖို့၊ နစ်နာကြေးရရှိဖို့အတွက် ကြားပွဲစားတွေမခံဘဲနဲ့ ကျနော်တို့ဆီကိုလည်း တိုက်ရိုက်လာတွေ့နိုင်သလို သက်ဆိုင်ရာ မြေစစ်ကော်မတီဆီ သွားရောက်ဆွေးနွေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်"လို့ ပြောပါတယ်။

သိမ်းဆည်းမြေပြန်လည်စီစစ်ရေး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများအပေါ် အသုံးချနိုင်မှုများအား စီစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမမှာ ဇူလိုင်၂၈ရက်မှ ၂၉ရက်ထိ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ မကွေးခရိုင်အတွင်းရှိ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့စည်းများ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ လယ်စီကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013