
ကရင်ပြည်နယ်အတွင်းက မြို့နယ် ၆ မြို့နယ်မှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် စာသင်ကျောင်းပေါင်း ၁၄၀ လောက် ယာယီပိတ်ထားရတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။
ဇူလိုင် ၂၂ ရက်က စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနဲ့ သံလွင်မြစ်ရေ ဝင်ရောက်လာတဲ့အတွက် စာသင်ကျောင်းတချို့ ယာယီပိတ်ထားခဲ့ရာမှာ ဘားအံမြို့နယ်မှာ ၄၁ ကျောင်း၊ လှိုင်းဘွဲ့မြို့နယ်မှာ ၅၀ ကျောင်း၊ ဖာပွန်မြို့နယ်မှာ ၁၃ ကျောင်း၊ ကော့ကရိတ်မြို့နယ်မှာ ၁၆ ကျောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ၁၉ ကျောင်းနဲ့ မြဝတီမြို့နယ်မှာ ၁ ကျောင်း စုစုပေါင်းကျောင်းပေါင်း ၁၄၀ မှာ ကျောင်းသား ကျောင်းသူ ၂၇၀၀၀ ကျော် စာသင်ယူမှုတွေ ယာယီရပ်နားထားရပါတယ်။
ကရင်ပြည်နယ်၊ ပြည်နယ်ပညာရေးမှူး ဦးစိုမြင့်က “ရေကျသွားတဲ့အခါ သင့်တော်တဲ့ အချိန်မှာ သင်ကြားပေးသွားဖို့ စီစဉ်ထားပြီး ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ ပျက်စီးသွားတာတို့ အဆင့်သင့် စုဆောင်းထားပြီး ရှိတယ်”လို့ ပြောပါတယ်။
ကရင်ပြည်နယ်ထဲက စာသင်ကျောင်းတွေမှာ ရေတွေဝင်ရောက်နေတဲ့အပြင် ရေဘေးသင့်ပြည်သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်နိုင်ဖို့ ပိတ်ထားရတာတွေလည်း ရှိပါတယ်။
ရဲမင်းခေါင်










