DVB Logo
Home
မြန်မာသတင်း
ကားလမ်းရေလျှံ၍ သထုံ-ဘားအံ ယာဉ်လိုင်းများ ရပ်နား၊ စက်လှေခများ ဈေးမြင့်
DVB
·
July 29, 2018
ကားလမ်းရေလျှံ၍ သထုံ-ဘားအံ ယာဉ်လိုင်းများ ရပ်နား၊ စက်လှေခများ ဈေးမြင့်
1 / 4
Donate to DVB

မွန်ပြည်နယ် သထုံမြို့နယ်က ကျေးရွာတချို့မှာ အဝေးပြေးကားလမ်းတွေ ရေကျော်ပြီး ရေစီးသန်နေတာကြောင့် သထုံကနေ ဘားအံကို ပြေးဆွဲနေကြတဲ့ ယာဉ်ကြီးယာဉ်ငယ်တွေ ပြေးဆွဲမှုရပ်နားထားပြီး စက်လှေခတွေ ဈေးမြင့်တက်နေတာကြောင့် အခက်ကြုံနေရတယ်လို့ သထုံမြို့ခံတွေက ပြောပါတယ်။

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှာရှိတဲ့ ဒုံသမိချောင်းနဲ့ နီးကပ်တဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နှစ်စဉ်ရေကျော်လေ့ရှိပေမယ့်လည်း အခုနှစ်မှာတော့ အချို့ရပ်ကွက်တွေမှာ အိမ်အမိုးဖုံးတဲ့အထိ ရေမြုပ်ပြီး လက်ရှိမှာ ဒူးရင်းဆိပ်ကျေးရွာမှ ဖြတ်သန်းရတဲ့ သထုံ-ဘားအံကားလမ်း ရေလွှမ်းနေတဲ့အတွက် ယာဉ်ပြေးဆွဲမှုတွေ ရပ်နားထားတာပါ။

သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က "ဒူးရင်းဆိပ်က နှစ်တိုင်းရေကြီးတယ်။ ရေကြီးလို့ ရေမြုပ်တဲ့ ရပ်ကွက်တွေက လူတွေ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်။ ဒူးရင်းဆိပ်ကို ပြီးခဲ့တဲ့အပတ်ကလည်း လူကယ်ပြန်နဲ့ အစ်မတို့ကိုယ်တိုင် ငွေရယ်၊ ဆန်အိတ်၊ ခေါက်ဆွဲခြောက် ရေသန့်တွေ ထောက်ပံ့ပေးပြီးပြီ။ ဘီးလင်းမှာတော့ တော်တော်အခြေအနေဆိုးနေတယ်။ သထုံမှာက ရေကျော်တာဆိုလို့ ဒုံဝန်း၊ ကမာစိုင် ဘက်တွေနဲ့ ဒီဘက်တွေပဲရှိတယ်။ ချောင်းနဲ့နီးတဲ့ နေရာတွေက နှစ်တိုင်းရေကြီးလေ့ရှိတယ်" လို့ပြောပါတယ်။

ဒူးရင်းဆိပ်ကျေးရွာရှိ သထုံ-ဘားအံ အဝေပြေးလမ်းမှာ ရေကျော်နေတာ စက်လှေနဲ့ ပို့ဆောင်ရာမှာ ရွာခံတချို့က သက်ကယ်ပစ္စည်းတွေမပါဘဲ ပို့ဆောင်နေတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒူးရင်းဆိပ်ကျေးရွာ အမှတ် (၆) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်သက်စုစုဇော်က "စက်လှေ တစီးကို ၃ ထောင်ပေးရပါတယ်။ ၁ ယောက်တည်းဆို ၁ ထောင်ပေးရပါတယ်။ ဒူးရင်းဆိပ်ကျေးရွာမှကြိုဆိုပါ၏ ဆိုင်းဘုတ်ကနေ တဖက်ကမ်း ကရင်ပြည်နယ်ဘက်ခြမ်း ဒုံသမိတံတားထိပ်ကို ပို့ပေးကြပါတယ်။ လမ်းတွေရေကျော်တော့ ယာဉ်လိုင်းတွေမရှိတော့ အလုပ်လုပ်ရတာ သွားရလာရတာ အခက်ခဲတွေရှိတယ်" လို့ပြောပါတယ်။

သထုံ-ဘားအံယာဉ်လိုင်းပြေးဆွဲမှုတွေ ရပ်နားထားကြလို့ ပြေးဆွဲမှု မရှိသလောက်ဖြစ်နေပေမယ့် သထုံ-မော်လမြိုင်ကို ပြေးဆွဲနေတဲ့ ဟိုင်းလက်ယာဉ်တွေကတော့ ယာဉ်စီးခတွေကိုပုံမှန်ဈေးထက်ပိုကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ယာဉ်လိုင်းတိုတွေပဲ ရှိတယ်။ သုံးဘီးတို့ ဘေးတွဲတို့ ယာဉ်စီးခက ပိုပေးရတယ်။ အရင်က တယောက် ၅ဝဝ ဆိုရင် အခု ၁ဝဝဝ တောင်းတာတွေရှိတယ်။ သထုံ- မော်လမြိုင်လည်း အရင်က ၁ ယောက်ကို ၁၅ဝဝ ကျပ်အခု ၂ဝဝဝ ကောက်တယ်"

ကရင်ပြည်နယ်ဘက်ခြမ်းမှာလည်း ရေကြီးမှုတွေဖြစ်ပေါ်နေပြီး မော်လမြိုင် - ဘားအံ ယာဉ်သွားလမ်းနှင့် သထုံ-ဘားအံ ယာဉ်သွားလမ်းတွေ ရေကျော်နေတဲ့အတွက် ဘားအံကို သွားချင်တဲ့ခရီးသည်တွေ အခက်ခဲဖြစ်နေတာပါ။

လက်ရှိမွန်ပြည်နယ်တွင် ဘီးလင်းမြို့မှာ အဆိုးရွားဆုံး ရေဖုံးလွှမ်းနေတာပြီး ရန်ကုန်- မော်လမြိုင် ကားနဲ့ရထားပြေးဆွဲမှုခရီးစဉ်တွေလည်း ၄ ရက်ကြာတဲ့အထိ ပိတ်ထားရပြီး ပေါင်မြို့နယ်မှာလည်း လေပြင်းတိုက်တာတွေ ကျိုက်မရောမြို့နယ်နဲ့ သထုံမြို့နယ် ကျေးရွာ/ရပ်ကွက်အချို့မှာ ရေကျော်မှုတွေ ဖြစ်နေပါတယ်။

လက်ရှိမှာ မွန်ပြည်နယ် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ ရေကြီးရေလျှံမှု တွေ ဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခသည် သောင်းနဲ့ချီရှိနေပြီး မြစ်ကမ်းနား အနီးနေထိုင်သူတွေ အထူးသတိပြုကြဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013