
ရုရှားနဲ့ ဆက်နွှယ်နေတယ်ဆိုပြီး ပြင်သစ်အာဏာပိုင်တွေက သိမ်းဆည်းခဲ့တဲ့ ရေနံတင်သင်္ဘောဟာ မတ် ၂၃ ရက်မှာ ပြင်သစ်တောင်ပိုင်း မာဆေးမြို့ အနားကို ရောက်ရှိလာပါတယ်။
ဒီသင်္ဘောဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ ရှိနေပေမဲ့ ရုရှားအစိုးရက ရေနံတင်ပို့နိုင်ဖို့ လုပ်ထားတဲ့ အရိပ်သင်္ဘောကွန်ရက်နဲ့ သက်ဆိုင်နေတယ်လို့ ပြင်သစ်က ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် မိုဇမ်ဘစ်အလံလွှင့်ထူထားတဲ့ ဒီနာသင်္ဘောကို ပြင်သစ်ရေတပ်က ဖမ်းဆီးခဲ့ပါတယ်။
အလံအတု လွှင့်ထားတယ်လို့ သံသယရှိတာ ခံထားရတဲ့ ဒီနာသင်္ဘောဟာ ရုရှားဆိပ်ကမ်း မာမန်စ်ခ်ကနေ ထွက်လာတာပါ။ ဒီနာသင်္ဘောကို မတ် ၂၃ ရက်မှာ မာဆေး-ဖိုးစ် ဆိပ်ကမ်းနားမှာ ဆိုက်ကပ်ခဲ့ပြီး ရဲသင်္ဘောတွေက အနားမှာ ကင်းလှည့်နေပါတယ်။
ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကြောင့် ရေနံဝင်ငွေလျှော့ချဖို့ ရည်ရွယ်တဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် ရုရှားအစိုးရရဲ့ ရေနံစိမ်းတင်ပို့မှုကို ဆက်ထိန်းထားနိုင်ဖို့ ကူညီပေးတဲ့ မှောင်ခိုရေနံတင်သင်္ဘောတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဥရောပက ပိတ်ဆို့ထားပေမဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲက ရေနံအထောက်အပံ့တွေကို အနှောင့်အယှက်ဖြစ်စေပြီး ဈေးနှုန်းတွေ မြင့်တက်လာလို့ အမေရိကန်က ရုရှား ရေနံရောင်းချမှုအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ယာယီဖြေလျှော့ပေးခဲ့ပါတယ်။
Source: Reuters










