DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံက လက်မခံသည့်အတွက် မွေးမြူရေးပို့ကုန်သမားများနစ်နာ
DVB
·
July 20, 2012
Donate to DVB

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ အသားထွက်ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံက ပိတ်ပင်လိုက်တဲ့အတွက် မွေးမြူရေးပို့ကုန်လုပ်ငန်း ထိခိုက်နစ်နာရ တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က ဒု-ဥက္ကဋ္ဌ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်လှလှသိန်းက

“သူတို့က ဗြုန်းကနဲတားလိုက်တဲ့အခါကျတော့ ပို့နေကျလူတွေက သူတို့မှာ လုပ်ငန်းစဉ်တွေက ပိုဖို့ အဆင့်သင့်လုပ်ပြီးသားဖြစ်နေတော့ သူတို့ထုတ်ကုန်တွေက ware house ထဲမှာကျန်နေတယ်လို့ ပြောတယ်။ ပို့မှာတွေကလည်း ပြည်တွင်းဈေးကွက်နဲ့က အဆင်မပြေဘူးလို့တော့ သူတို့လည်း မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ်ကို ပြောတယ်။”

တရုတ်ပြည်ကို အမဲသားပို့ဖို့အတွက် အေးခဲထုတ်ပိုးပြီးမှ မပို့ရတော့တဲ့အတွက် ထိခိုက်နစ်နာတာ ကို ပြောသွားတာပါ။ အဲဒီလို အေးခဲပြီးသား အမဲသားတွေကို ပြည်တွင်းမှာလည်း ရောင်းချတဲ့ ဈေးကွက် မရှိဘူးလို့လည်း ဒေါ်လှလှသိန်းအပြောအရ သိရပါတယ်။

တရုတ်နိုင်ငံ အရည်အသွေး ထိန်းချုပ်ရေး စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ကနေ မြန်မာပြည်က ပို့တဲ့ အမဲသားတွေဟာ အရည်အသွေးမပြည့်မီတဲ့အတွက် နယ်စပ်ကနေ တင်ပို့ခွင့် ပိတ်ပင်ထားတာပါ။

မြန်မာတနိုင်ငံတည်းတင်မဟုတ်ဘဲ အခြား တရုတ်ပြည်ကို အမဲသားတင်သွင်းနေတဲ့ နိုင်ငံတွေက အသားတွေကိုပါ ပိတ်ပင်ထားတာလို့ မြန်မာနိုင်ငံ ပို့ကုန်လုပ်ငန်းရှင်များအသင်းဝင် ဦးဝင်းစိန်က ပြောပါတယ်။

“ကျနော်တို့ တနိုင်ငံတည်း မဟုတ်ဘူး။ အာဆီယံနိုင်ငံမှာ အရည်အသွေးမပြည့်မီဘူး ဆိုပြီး အကြောင်းပြချက်နဲ့ ပိတ်တာပဲ။ သူတို့လိုချင်ရင်တော့ တခါ ထပ်ဝယ်ဦးမှာပဲ။”

မြန်မာနိုင်ငံကနေ တရုတ်ဘက်ကို အေးခဲအမဲသားတန်ချိန် ၉ ထောင်နဲ့ အမဲသားရည် အမေရိကန်ဒေါ်လာ သန်း ၃၀ ဖိုး နှစ်စဉ်တင်ပို့နေတယ်။ အခုလို ပိတ်လိုက်တဲ့အတွက် နိုင်ငံခြားဝင်ငွေ ထိခိုက်တယ်လို့လည်း ဦးဝင်းစိန်က ပြောပါတယ်။

တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့အခါမှာ သူတို့နိုင်ငံမှာ ပစ္စည်းတွေ ပိုလျှံတဲ့အခါမျိုးမှာလည်း မြန်မာဘက်က ပစ္စည်းတွေကို တင်သွင်းတာ ပိတ်တတ်ကြောင်းလည်း ဦးဝင်းစိန်က ပြောဆိုသွားပါတယ်။

“တရုတ်ဘက်က ဖွင့်လိုက် ပိတ်လိုက်ပဲ။ ပြောရသိပ်ခက်တယ်။ သူတို့စီးပွားရေးစနစ်က သူတို့လိုချင်ရင် ဖွင့်တာပဲ။ မလိုချင်ရင် သူတို့ဆီမှာ ပိုလျှံနေရင် ပိတ်တာပဲ။ သူတို့ စီးပွားရေး အကူးအပြောင်းက ပြောရသိပ်ခက်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013