DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ရေဘေးကယ်ဆယ်ရေး စခန်း​ပေါင်း ၄ဝ ထိ တိုးမြှင့်ဖွင့်လှစ်
DVB
·
July 29, 2018
ကရင်ပြည်နယ်တွင် ရေဘေးကယ်ဆယ်ရေး စခန်း​ပေါင်း ၄ဝ ထိ တိုးမြှင့်ဖွင့်လှစ်
1 / 7
Donate to DVB

ကရင်ပြည်နယ်မှာ သံလွင်မြစ်ရေမြင့်တက်လာမှုနဲ့ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ် ၆ မြို့နယ်​က ​နေအိမ်​​တွေ ​ရေနစ်​မြှုပ်​မှု များပြားလာတဲ့အတွက်​ ရေဘေးကယ်ဆယ်ရေးစခန်း ပေါင်း ၄ဝ ထိ တိုးမြှင့်ဖွင့်လှစ်​ထားရပါတယ်။

အခုရက်ပိုင်းတွေအတွင်း သံလွင်မြစ်ရေမြင့်တက်လာမှုနဲ့ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် နေအိမ်တွေ ရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တွေ က ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၄ဝ မှာ အိမ်ထောင်စု ၂၆ဝဝ ကျော်၊ လူဦးရေ ၁ သောင်း ၃ ထောင် ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိခိုလုံနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ဘားအံမြို့၊ အမှတ် ၁ ရပ်ကွက်၊ လှာကမြင် လမ်း၊ ဒေါ်တင်မာဝေ က“ဒီမှာကတော့ အကုန်လုံးအတွက်​က​တော့ အားလုံးကောင်းစေချင်တယ်။ နောက်ထောက်ပံ့မယ်ဆိုလိုရှိရင် မရှိဆင်းရဲသားတွေ အခုရေမြှပ်ပြီးသွားတာနဲ့ လုပ်စားရတာ အဆင်မ ပြေသေးဘူး။ တကယ်လို့ ပြန်မယ့်ဆိုလိုရှိရင် ကိုယ်အိမ်ရောက်တဲ့အခါကျရင် စားဝတ်နေရေးကတော့ ၁ ပတ် ၁ဝ ရက်တန်သည် ထောက်ပံ့စေချင်တယ်”လို့ ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးတင်မျိုးဦး က “ပြောချင်တာကတော့ ကုစားဖို့ ဆိုတာ အမြဲတမ်းဖြစ်နေတဲ့ စီမံချက်တစ်ခုလို့ ဖြစ်နေပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြီးလာပြီ ကယ်ဆယ်လိုက် ပြန် လည်နေရာချလိုက် လုပ်နေလို့အဆင်မပြေဘူး။ ဖြစ်လာတဲ့အချိန်မှာ တစ်ခါတည်းကို မြို့နယ်အဆင့် ကျေးရွာ အဆင့် ရပ်ကွက်အဆင့်ဖြစ်တာနဲ့ အင်တိုက်အားတိုက် ကုစားနိုင်အောင် စီမံချက်တွေ ပုံမှန်ဆွဲထားဖို့ အတိုင်း အတာတစ်ခုတော့ လိုတယ်။ ရာသီဥတုကလည်း နေစဉ်နဲ့အမျှ ပြောင်းတဲ့အတွက်ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ယူမှု တာဝန်ခံမှုဆိုတာ အစိုးရမှာရှိရမယ်”လို့ ပြောပါတယ်။

နေပြည်တော်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန့်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက “ကရင်ပြည်နယ်က ရေကြီးနေတဲ့အတွက် ပြည်ထောင်စုအနေနဲ့ လာရောက်ချင်ဖြစ်ပါတယ်။ ကျနော်တို့ဒီမှာ သက်သာ ချောင်ချိမှုဖြစ်အောင် ပြည်နယ်မှာရှိနေတဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနဆောင်ရွက်သလို ပြည်ထောင်စု ဝန်ကြီးဌာနကလည်း ပြည်သူရဲ့ လိုအပ်ချက်နဲ့အညီ ပြည်နယ်အစိုးရနဲ့အတူ ညှိနှိုင်းပြီးတော့ ဘာလိုအပ်မလဲ ဆို ပြီး ထောက်ပံ့ပေးနိုင်အောင် လာရောက်ချင်ဖြစ်တယ် ”လို့ ပြောပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့ အိမ်ထောင်စုဝင် မိသားစုတွေအနေနဲ့ ယာယီဖွင့်လှစ်ထားတဲ့ ဆိုင်ကလုံးရှပ်တာ၊ စာသင် ကျောင်း၊ ဘုန်းကြီးကျောင်း၊ မိုးလုံလေလုံ အားကစားရုံနဲ့ ရပ်ကွက်ဓမ္မာရုံတွေမှာ ခိုလုံနေရပြီး ထပ်မံရောက်ရှိ လာတဲ့သူတွေကို ကယ်ဆယ်ရေးစခန်း အသစ်တွေဖွင့်လှစ်ပြီး လက်ခံသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ပြည်ထောင်စုဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက စားရိက္ခာအနေနဲ့ လူတဦးကို တစ်ပတ်စာ ငွေကျပ် ၂၁ဝဝ ကျပ်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီက ဟင်းဖိုးအနေ နဲ့ လူတစ်ဦးကို ငွေကျပ် ၅ ထောင်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ထောက်ပံ့ပြီး၊ ပြည်နယ်အစိုးရအ ဖွဲ့က နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနဲ့ ပြည်နယ်ဘေးအန္တရာယ် ကာကွယ်ရေးဌာနက စောင်၊ ခြင်ထောင် တွေ ကူညီပံ့ပိုးပေးပြီး တစ်ဦးချင်းအလှူရှင်တွေရဲ့ အလှူငွေတွေကိုလည်း တိုက်ရိုက်လှူဒါန်းနိုင်အောင် စီစဉ် ဆောင်ရွက် ပေးထားပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅ဝ ကနေ ၉၃ဝ စင်တီမီတာအထိ ကျော်လွန်နေတယ်လို့ မိုးဇလက ဒီနေ့ ထုတ်ပြန်ထားပါတယ်။ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေအနေနဲ့ မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာ ရှောင်ရှားကြဖို့လည်း သတိပေးထားပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013