DVB Logo
Home
မြန်မာသတင်း
ကြေးနီတောင်စီမံကိန်း ပြန်လုပ်နေသဖြင့် လယ်သမားများ ဆန္ဒပြရန် ပြင်ဆင်
DVB
·
July 20, 2012
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်မြေနေရာတွေမှာ ကုမ္ပဏီက စီမံကိန်းလုပ်ငန်းတွေ ပြန်လုပ်နေတဲ့အတွက် ဒေသခံ လယ်သမားတွေ ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။

ဒေသခံလယ်သမားတွေထံက သိမ်းယူထားတဲ့ လယ်ဧက ၇ ထောင်ကျော်မှာ ကြေးနီစီမံကိန်း မလုပ်ဖို့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အတွက် နှစ်ဖက်ညှိနှိုင်းပြီး ကုမ္ပဏီက လုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ပါတယ်။

အဲ့ဒီနောက် တလခွဲလောက်အကြာ ဇူလိုင် ၁၆ ရက်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နေရာဖြစ်ကြောင်း ဆိုင်းဘုတ်ထောင်ပြီး ကုမ္ပဏီလုပ်ငန်းတွေ ပြန်လုပ်ဆောင်လာတာလို့ လယ်သမား အရေး ဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုမျိုးသန့်က ပြောပါတယ်။

“ကုမ္ပဏီဘက်က သဘောတူညီချက် ချိုးဖောက်ပြီးတော့ မိုင်းခွဲတယ်လို့ ထင်ရတဲ့ အသံကျယ်ကြီး တသံကြားတယ်။ မိုင်းခွဲတယ်လို့ သေချာ ယုံကြည်ထားတယ်။ နောက်တနေ့မှာပဲ အဆောက်အဦဆောက်တယ်လို့ သတင်းကြားလို့ သွားကြည့်တော့ ဆောက်ထားတယ်၊ ပုဒ်မ ၁၄၄ ဆိုင်းဘုတ် ထုတ်ပြန်ထားတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ဧရိယာအတွင်းမှာ မည်သူမျှ ကျူးကျော်ဝင်ရောက်ခြင်း မရှိရ။ သေနတ်နဲ့ဖမ်းဆီးပစ်ခတ်ခြင်းခံရမည်တဲ့။ ဒီ ဧရိယာထဲကို ၀င်တဲ့လူတိုင်း ဖမ်းဆီးပစ်ခတ်ခြင်းခံရမယ် ဆိုတော့ ဒီထဲမှာ ရွာ ၄ ရွာ ရှိနေတယ်။ အဲ့ရွာ ၄ ရွာကို သေနတ်နဲ့ ပစ်လိုက်ရင်ကို ဥပဒေအရ ပစ်တဲ့ဆိုတာမျိုး သက်ရောက်နေတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေက သက်ဆိုင်ရာတိုင်းဝန်ကြီးချုပ် နဲ့ တွေ့ဆုံဖြေရှင်းဖို့ တောင်းဆိုတာ ကိုလည်း ခွင့်မပြုတဲ့အတွက် ဒေသခံလယ်သမား ၈၀၀ လောက်က ဆန္ဒပြဖို့ကြိုးပမ်းနေကြတာ ဖြစ်ပါ တယ်။

ဒေသခံတဦးက “ကျနော်တို့ကတော့ လောလောဆယ် ဆွေးနွေးညှိနှိုင်းမှု ရအောင် ၀န်ကြီးချုပ်ထိ စာတွေရောက်အောင် ပို့ဖို့ဟာအတွက် တိုင်းဒေသကြီးအစိုးရကို သွားတွေ့တယ် အဲဒီအတွက် ဘယ်လိုလုပ်လုပ် ၀န်ကြီးချုပ်နဲ့တွေ့ဖို့ စာရောက်ဖို့ ကြိုးစားတာ။ တွေ့ခွင့်မပေးဘူး။ လက်သင့်မခံတော့ ကျနော်တို့ အနေနဲ့ နောက်ဆုံးအဆင့် ဆန္ဒထုတ်ဖော်ဖို့ပဲ ရှိတော့တယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က “ဒီနေရာသည် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာဖြစ်သည်လို့ ရေးထားတဲ့ ဆိုင်းဘုတ်တင်တဲ့နေ့ကို ပြောတာဖြစ်မယ်။ ဒါက သူတို့ဌာနအနေနဲ့ ၂ လ တကြိမ် ဟိုးအရင်ကတည်းက ထုတ်ပြန်ထားတာပါ။ အဲဒါကို ဦးပိုင်ကုမ္ပဏီ၊ အဖွဲ့က အခုလာကောက်ပြီး အဲဒီဆိုင်းဘုတ်မျိုး တင်ပေးလိုက်တဲ့သဘောပေါ့” လို့ ပြောပါတယ်။

သစ်တောကြိုးဝိုင်းနယ်မြေမို့ ဟိုးအရင်ကတည်းက ထုတ်ပြန်ထားတာလို့လည်း ပြောပါတယ်။

ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်၊ တရုတ်ကုမ္ပဏီတခုနဲ့ အစိုးရတို့ ဖက်စပ်လုပ်ကိုင်နေ တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013