DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးဆေးရုံကြီးမှ ပျောက်ဆုံးမက်သဒုံးဆေးဘူးများ ခိုးယူသူနှင့်အတူ ပြန်သိမ်းဆည်းမိ
DVB
·
July 28, 2018
ပင်လည်ဘူးဆေးရုံကြီးမှ  ပျောက်ဆုံးမက်သဒုံးဆေးဘူးများ ခိုးယူသူနှင့်အတူ ပြန်သိမ်းဆည်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၊ ပြည်သူ့ဆေးရုံကြီး၊ မူးယစ်ဆေးဖြတ်ဌာနမှာ တိုက်ကျွေးနေတဲ့ မက်သဒုံးဆေးဘူးတွေ ပျောက်ဆုံးရာကနေ ၁ ပတ်ကျော်အကြာမှာ ခိုးယူသူနဲ့အတူ ပြန်လည်ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။

ဒီကိစ္စကို ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေခဲ့ပေမယ့် ရှာဖွေနိုင်ခြင်းမရှိခဲ့ဘဲ အရပ်ဘက် မူးယစ်တား မိုးသောက်ကြယ်အဖွဲ့ကို တာဝန်သိပြည်သူအချို့က သတင်းပေးတိုင်ကြားရာကနေ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့၊ မိုးသောက်ကြယ်နှင့် သက်သေတွေပူးပေါင်ပြီး မြို့မရပ်ကွက်၊ အထကကျောင်းလမ်း၊ အထကကျောင်းအနီရှိ ဝင်းဇော်ဆိုသူရဲ့ နေအိမ်ကို ရှာဖွေရာကနေ ပြန်လည်တွေ့ရှိ သိမ်းဆည်းရမိခဲ့တာပါ။

“ကျနော်တို့ဆီကို သတင်းပေးလာတယ်။ အဲဒီအတွက် ရဲနဲ့ပေါင်းပြီး သွားရှာတာမှာတွေ့တာ။ ဒီဟာကို ရဲက စုံစမ်းနေတာကြာပြီ။ သတင်းအစအနမရဘူး။ အခုမှ ဖမ်းမိတာပဲ” လို့ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောပါတယ်။

ဆေးရုံကြီးမှာ မက်သဒုံးတွေ အခမဲ့ တိုက်ကျွေးနေတာကို လာသောက်သူများပေမယ့် တဖက်မှာလည်း မူးယစ်ဆေးဝါး ပြန်သုံးတာတွေရှိနေသလို မက်သဒုံးကို ပြန်ထုတ်ပြီး မူးယစ်ဆေးနဲ့ လဲလည်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“မြင်ကြားရသလောက်ကတော့ မူးယစ်ဆေးအစား မက်သဒုံးလာသောက်သူက နေ့စဉ် ရှိတယ်။ တချို့က မက်သဒုံးတွေကို ပါးစပ်ထဲငုံပြီး အပြင်ရောက်တော့ ပြန်ထုတ်ပြီး မူးယစ်ဆေးနဲ့ လှဲတယ်။ ဆေးရုံက ဆရာဝန်တွေက သူတို့ရှေ့မှာ မြိုချဖို့ပြောတဲ့အခါကျတော့လည်း တချို့ကတော့ မြိုချတယ်။ ဒါပေမယ့် တချို့ကတော့ ပါးစောင်မှာ ဂွမ်းထည့်ပြီး အပြင်ရောက်ရင် ပြန်ညှစ်ပြီး လုပ်တာပဲ။ ဒါတွေကိုလည်း ကြပ်မတ်ပေးဖို့လိုနေတယ်။ ဆေးရုံမှာကလည်း ဝန်ထမ်းအင်အားက ဆေးလာသောက်သူနဲ့ မမျှတော့လည်း အကုန်လိုက်ကြည့်ဖို့က မလွယ်ဘူး။ တချို့တွေဆို မူးယစ်ဆေးလည်းမပြတ်၊ မက်သဒုံးလည်း မလွှတ်ချင် ၂ ပင်လိမ်တွေဖြစ်နေပြီ” လို့လည်း ပြောပါတယ်။

ပြည်သူ့ဆေးရုံကြီးမှာ သိမ်းဆည်းထားတဲ့ မက်သဒုံးဆေးဗူး ၄ ဘူးက အခုလ ၂၀ ရက်နေ့ ညက ပျောက်ဆုံးခဲ့တာပါ။ မက်သဒုံးဆေး ၁ ဘူးကို ကျပ်သိန်း ၃၀ လောက် တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မက်သဒုံးဆေးဘူးတွေကို ခိုးယူခဲ့တဲ့ ဝင်းဇော်ကိုတော့ ဘာကြောင့် ခိုးယူရတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်ကာ လက်ရှိမှာတော့ ပင်လည်ဘူးမြို့မရဲစခန်းက (ပ)၅၇/၂၀၁၈၊ ပြည်သူပိုင်ပစ္စည်း ၆(၁) နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013