DVB Logo
Home
မြန်မာသတင်း
ဘီလင်းရေကြီးမှုကြောင့် ပိတ်မိခရီးသွားများကို ပြန်ပို့၊ ပျောက်ဆုံးတပ်မတော်သား ၃ ဦးကို ဆက်ရှာနေ
DVB
·
July 28, 2018
ဘီလင်းရေကြီးမှုကြောင့် ပိတ်မိခရီးသွားများကို ပြန်ပို့၊ ပျောက်ဆုံးတပ်မတော်သား ၃ ဦးကို ဆက်ရှာနေ
Donate to DVB

ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေတဲ့ ခရီးသွားတွေကို တာဝန်ရှိသူတွေက ပြန်လည်ပို့ဆောင်ပေးနေပြီး ကူညီကယ်ဆယ်ရေးလုပ်ရင်း ရေထဲမျောပါသွားတဲ့ တပ်မတော်သား ၃ ဦးကိုတော့ အခုချိန်ထိ ပြန်မတွေ့သေးဘူးလို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ရေကြီးပြီး လမ်းတွေပိတ်ထားရလို့ ခရီးသွားဧည့်သည်တချို့ကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး လာရာလမ်းအတိုင်း ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ ဘီးလင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကိုဘိုဘိုဝင်းက ပြောပါတယ်။

"စိုးရိမ်ရေအမှတ်ထက် ပထမကတော့ ၁၀၉၂ စင်တီမီတာအထိ တက်သွားပြီးတော့ ဒီနေ့ မှာ ၁၀ ကျော်ကျော်လောက် လျော့သွားတယ်။ ရေစီးကတော့ သန်နေတုန်းပဲ၊ ဘီးလင်းမှာ ပိတ်မိနေတဲ့ ခရီးသွားတွေ၊ ရန်ကုန်ပြန်တဲ့သူတွေကို လှေနဲ့ပြန်ပို့ပေးနေတယ်၊ တပ်မတော်လှေ ၇ စီးရှိတယ်၊ အရက်ဘက်လှေတွေရှိတယ်။ ဘီးလင်းကနေ မော်လမြိုင် ပြန်လာတဲ့ဘက်ကို ပိတ်ထားတယ်၊ ဘယ်သူ့မှ လှေပေးမစီးဘူး။ သက်ကယ်စက်လှေတွေကိုလည်း ပြည်ထောင်စုဝန်ကြီးက ထပ်ချပေးတယ်။ အစားအသောက်ရိက္ခာတွေကိုတော့ သထုံ ကျိုက်ထိုက ကူညီကယ်ဆယ်သူတွေလည်း ထောက်ပံ့ပေးထားတယ်၊ တောက်လျှောက် လှူပေးနေလို့ လုံလောက်နေပြီ။”

ဇူလိုင် ၂၇ ရက်နေ့က ရေထဲမျောပါပျောက်ဆုံးခဲ့တဲ့ ခလရ ၂ မှ တပ်မတော်သား ၃ ဦးကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီအထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။

“တပ်မတော်သား ၃ ဦးကတော့ ရေထဲမျောပါ ပျောက်ဆုံးနေတုန်းပဲ ခုထိရှာမတွေ့သေးဘူး၊ တပ်ကလည်း ရှာပေးနေတယ်။"

ခရီးသည်တွေအနေနဲ့ အစားအသောက်တွေ အဆင်ပြေမှုရှိပေမယ့်လည်း နောက်ထပ် ၂ ရက်လောက် ပိတ်မိနေမယ့် ယာဉ်လမ်းတွေကြောင့် ကုန်စည်ပို့ဆောင်မှု အခက်ခဲဖြစ်ပြီး ကုန်ဈေးနှုန်းအချို့ ကြီးမြင့်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ခရီးသွားတချို့ကပြောပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားလို့ အဆင်ပြေပေမယ့် တချို့ခရီးသည်တွေမှာ ကျန်းမာရေးအလေးသွားဖို့ အခက်ခဲတွေ ရှိနေတယ်လို့ ဘီးလင်းမှာ လမ်းပိတ်မိနေတဲ့ ခရီးသွား ကိုကံကြီးမောင်က ပြောပါတယ်။

"Express ယာဉ်တွေပေါ်မှာ ပါလာတဲ့ ခရီးသည်တွေတော်တော်များများကို ပြန်ပို့ပေးနေကြလို့ တော်တော်တော့ ပါးသွားတယ်။ စပိတ်မိတဲ့နေ့ကလောက်တော့ မရှိတော့ဘူး။ ကိုယ်ပိုင်အိမ်စီးကားတွေ ကုန်တင်ကားတွေတော့ ပိတ်နေတုန်းပဲ။ ကျနော်တို့က ဘားအံရိုက်ကူးရေးတွေလာလုပ်ပြီး ရန်ကုန်ပြန်ရမှာပါ။ ဒီမှာ လမ်းပိတ်နေမိတာ ၂ ရက်လောက်ရှိပြီ၊ Express ပေါ်က တခြားခရီးသည်တွေကတော့ အလေးသွားတာတို့၊ ဘာတို့ အခက်ခဲဖြစ်တာတွေရှိတယ်။ တာဝန်ရှိတဲ့သူတွေကတော့ အဆင်ပြေအောင်စီစဉ်ပေးထားလို့ အဆင်ပြေပါတယ်။ နောက်ထပ် ၂ ရက်လောက် စောင့်ကြည့်ရဦးမယ်ထင်တယ်။"

ဘီးလင်းမြို့မှာ ရေကြီးမှုကြောင့် ယာဉ်ဖြတ်သန်းခွင့် ယာယီပိတ်ထားရပြီး ဝါဆိုလပြည့်နေ့ အိမ်အပြန် ကျောင်းသားလူငယ်တွေလည်း ကျောင်းပြန်တက်ဖို့ အခက်ခဲရှိနေပါတယ်။

ဒါ့အပြင် ရန်ကုန်-မော်လမြိုင် ယာဉ်လမ်းကြောင်းတွေနဲ့ ရန်ကုန် - မော်လမြိုင် | မော်လမြိုင်- နေပြည်တော် မီးရထားခရီးစဉ်တွေပါ ရပ်ဆိုင်းထားရပြီး ရန်ကုန်-မော်လမြိုင် လေယာဉ်ခရီးစဉ်ကိုတော့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ပြေးဆွဲမှုခေါက်ရေတိုးကာ တနင်္လာနေ့မှာလည်း အထူးအစီစဉ် ဈေးနှုန်းတွေနဲ့ ပြေးဆွဲသွားမယ်လို့မွန်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဘီးလင်းမြို့နယ်မှာ ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက ရေကြီး၍ အဝေးပြေးကားလမ်း ၄ မိုင်လောက် ယာဉ်ကြောပိတ်ဆို့နေပြီး ဇူလိုင် ၂၈ ရက်နေ့အထိ မိုးသည်းထန်ကာ ရေစီးသန်နေဆဲဖြစ်လို့ နောက်ထပ် ၂ ရက်လောက် ကားလမ်းတွေ ပိတ်ထားမှာဖြစ်ကြောင်း၊ ရေကြီးမှုကြောင့် မြွေကိုက်လို့ ဆေးရုံတင်ရသူ ၂ ဦး၊ ကူညီကယ်ဆယ်ချိန် ရေထဲမျောပါ ပျောက်ဆုံးသူ တပ်မတော်သား ၃ ဦးရှိပါတယ်။

ရေဘေးသင့်ပြည်သူ ၇၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်ကို ကယ်ဆယ်ရေးစခန်း ၂၇ ခုဖွင့်ကာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကယ်ဆယ်ထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း=အာကာမင်း

ဓာတ်ပုံ =ကယ်ဆယ်ရေးအဖွဲ့များနှင့် KanGyi Mg/ လွင်ကိုကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013