DVB Logo
Home
Lead Story
ရေစုန်မျောနေရပေမယ့် မောနေဆဲ ဗေဒါလေးတွေ
DVB
·
July 28, 2018
ရေစုန်မျောနေရပေမယ့် မောနေဆဲ ဗေဒါလေးတွေ
Donate to DVB

မြန်မာနိုင်ငံရဲ့ လုပ်ငန်းရှားပါးမှု၊ ဝင်ငွေနဲ့ထွက်ငွေ မညီမျှမှုဆိုတဲ့ အခက်အခဲတွေက နိုင်ငံသူ နိုင်ငံသားတွေအတွက်တော့ ရေဆန်လမ်းတွေပါပဲ။ အချို့က ရေဆန်တက်သူတွေ ရှိနေသလို တဖက်မှာလည်း ရေစုန်ဆင်းနေရသူတွေက ဒုနဲ့ဒေး။ ဘဝဆိုတဲ့ ဇာတ်ကြောရိုးတွေထဲ ကကွက်ဆန်းတွေနဲ့ ပျော်ဝင်နေရဆဲ သူတွေကလည်း တပုံတပင်။

“ကျမ ဒီနိုင်ငံမှာ မနေချင်တော့ဘူး။ နိုင်ငံခြားသွားဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် နိုင်ငံခြား အလုပ်သွားလုပ်ဖို့ ဆိုတာကလည်း အရင်းအနှီးက မသေးဘူးလေ” လို့ ဘဝရေစုန်ကို စည်းချက်အညီ မျောနေတဲ့ မကေသီ (အမည်လွှဲ) က လုံချည်အနားစကို ဆိတ်ဆွဲရင်း မျက်နှာကို ငုံ့ပြီး ပြောရှာတယ်။

သူမဟာ ပဲခူးတိုင်း ဖြူးမြို့နယ်ကနေ တနယ်တရပ်တကျေးကို ပြောင်းရွှေ့ပြီး လိင်ဖျော်ဖြေရေးအလုပ်နဲ့ ရေစုန်မျောနေရှာလေတယ်။

သူမမှာ မိဘ ရှိတယ်။ သူမ ရင်သွေးကလေး ရှိတယ်။ သူမက အိမ်ထောင်ကွဲ အမျိုးသမီးတဦးလည်း ဖြစ်ပါတယ်။

“ကျမ ဒီအလုပ်ကို ရွေးခဲ့ရတာက အဓိကအချက်က ကျမတို့ဘက်မှာ တောအလုပ် လမ်းအလုပ် ဆိုတာတွေတော့ ရှိတယ်။ ဒါပေမယ့် ဒါတွေလုပ်တယ်။ ရတဲ့ငွေက အသုံးစရိတ်နဲ့ မလောက်ငဘူး။ ဒါကြောင့် ဒီလုပ်ငန်းကို လုပ်ဖြစ်တယ်” လို့လည်း မကေသီက ဆက်ပြောပါတယ်။

လိင်အလုပ်သမလေးတွေ အများစုဟာ ဒီလုပ်ငန်းကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာပေမယ့် ဒီလုပ်ငန်းမှာ ပျော်မွေ့နေသူ၊ မရုန်းထွက်နိုင်သူတွေ ရှိနေသလို ရုန်းထွက်ရခက်ပြီး အဆင်မပြေသူတွေလည်း ရှိနေကြပါတယ်။

“ကျမ ဒီအလုပ်လုပ်တာ အိမ်က မသိဘူး။ ဒါပေမယ့် စိတ်ထဲတော့ အမြဲ စိုးရိမ်နေရတယ်။ ဘာလို့လဲဆိုတော့ ကျမက အခြားနယ်မှာ လုပ်နေပေမယ့် ကိုယ့်နယ်က လူတွေများ ဒီကို ရောက်လာမလားဆိုတဲ့ အတွေးက အမြဲတမ်း စိတ်ကို ချောက်ချားစေတယ်။ ကျမ အလုပ်လုပ်ရင်း အိမ်နဲ့ အဆင်မပြေတဲ့အခါ စိတ်မကြည်တာလေးတွေလည်း ရှိတယ်။ အဲဒီအချိန်မှာ ကိုယ်နဲ့နေတဲ့ ဧည့်သည်ကများ စော်ကားမော်ကား ပြောတာတွေ ကြုံလာရင် ကြိတ်ပြီး သည်းခံနေရတယ်” လို့လည်း မကေသီက ပြောပါတယ်။

အလုပ်ဆိုတဲ့နေရာမှာ မည်သည့်အလုပ်ပင် ဖြစ်နေပါစေ။ လုပ်ငန်းပြီးဆုံး အောင်မြင်ဖို့အတွက် အရာရာ သည်းခံ လုပ်ကိုင်နေရတာက သဘာဝတခုပင်။ ထိုသဘာဝတရား တခုထဲမှာ သူတို့တွေရဲ့ သည်းခံရမှုကတော့ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့် သည်းခံမှုပဲလို့ ကျနော် သုံးသပ်မိပါတယ်။

ပတ်ဝန်းကျင်ဟာ လိင်အလုပ်သမတွေအပေါ် ခွဲခြားမှုတွေ များပြားစွာ ရှိနေကြဆဲ ဆိုတာကို တွေ့နေရပါတယ်။ ကူးစက်ရောဂါ အကြောင်းပြချက်နဲ့ အသိုင်းအဝိုင်း အပြင်ဘက်မှာ သူတို့တွေ ရေစုန်မျောနေရတဲ့ နောက်ခံပိတ်ကားတွေကိုများ သိခဲ့ရင်တော့ သူတို့တွေကို ပစ်ပယ်ထားကြမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ သူတို့မှာ ဖိအား၊ ဘဝ ခက်ခဲကြမ်းတမ်းမှုနဲ့ ရေမဆန်နိုင်တဲ့အဆုံး ရေစုန်ခဲ့ကြတာတွေ ရှိသလို ရေဆန်နိုင်ပေမယ့် ရေစုန်နေသူတို့ ကမ်းလက်သွားချိတ်မိတာမျိုးကြောင့်လည်း ဒီလိုဘဝထဲကို အများအပြား ရောက်ခဲ့ကြတာပါ။

“ကျမ ဒီလုပ်ငန်းမလုပ်ခင်က ရည်းစားလည်း မထားဖူးဘူး။ ကျမ အဖေနဲ့ အမေက ကျမ ၃ လ သမီးအရွယ်မှာ ကွဲသွားကြတယ်။ ကျမ အမက အမေနဲ့ ပါသွားတယ်။ ကျမက အဖေနဲ့ ပါခဲ့တယ်။ ကျမ အမနဲ့ အမေကို ၂ ခါပဲတွေ့ဖူးတယ်” လို့ ဘဝရေစုန်မှာ မျောနေရသူ မသီတာ (အမည်လွှဲ) က ပြောပါတယ်။

မသီတာဟာ ရန်ကုန်ဇာတိသူလေး ဖြစ်ပါတယ်။ မိဘ ၂ ပါး ကွဲကွာခြင်းရဲ့ မြေစာပင်တပင်ပေါ့။ သူမမိဘတွေ ကွဲကြတော့ သူမ အဖေနဲ့ပါလာပြီး သူမအဖေ နာမကျန်းဖြစ်ရာက ဆေးကုသစရိတ်ကုန်၊ အိမ်တွေပါ အပေါင်ဆုံး၊ အကြွေးတွေ တင်ရာကနေ သူမနေထိုင်ရာ ရပ်ကွက်က အိမ်ထောင်သည် လူတယောက်ရဲ့ ငါးမျှားချိတ်မှာ မိရင်း အပျိုစင်ပန်းဦး ကြွေကျခဲ့ရသူပါ။

“အဖေကလည်း နေမကောင်း၊ အကြွေးတွေကလည်း တင်ဆိုတော့ အဲဒီဦးလေးက ကူညီတယ်။ အဲဒီမှာပဲ သူနဲ့ ကျမ စနေတယ်။ နောက်တော့ ကျမ ရန်ကုန်မှာပဲနေရင်း ပွဲစားနဲ့တဆင့် ဒီအလုပ်ကို လုပ်ခဲ့တာ။ ဒီအလုပ်က ငွေရတယ်။ ဒီတော့ အကြွေးဆပ်နိုင်တယ်။ ခုဆို ကျမအဖေ ဆုံးသွားပြီး ကျမဘဝ အေးချမ်းသွားပြီ။ ကျမ ဘာကိုမှာ ထည့်မတွက်တော့ဘူး” လို့ ဘဝရဲ့ နာကျင်မှု ထိုးနှက်ချက်တွေကို အားလျော့နေတဲ့ မျက်ဝန်းတွေနဲ့ သူမ ပြောရှာတယ်။

မသီတာရဲ့ အဖေနဲ့အမေ ကွဲကွာမှုဟာ သိပ်မဆန်းကြယ်တဲ့ အတ္တလွန်ဆွဲမှုကြောင့်ပဲ ပြောရမလား။ ဖခင်က ရန်ကုန်သား၊ မိခင်က နယ်သူ။ ဘယ်မှာနေမယ် ဘာညာ။ နယ်လုကြရင်း ကွဲသွားကြတာလို့ သိရပါတယ်။ တကယ်တော့ မိဘတွေရဲ့ မဆန်းကြယ်တဲ့ ကွဲကွာမှုကတော့ မသီတာအတွက် ယောကျာ်းတကာနဲ့အိပ်ရတဲ့ ဘဝကို တွန်းပို့ခဲ့တယ် ဆိုတာ သေဆုံးသွားတဲ့ မသီတာရဲ့ဖခင်များ သိခွင့်ရသွားမယ် ဆိုရင် ----- ။

“ရည်မှန်းချက်တော့ ရှိသေးတယ်။ အိမ်ငှားလေးနဲ့ နေမယ်။ ကိုယ်ပိုင် အိမ်ဆိုင်လေး ဖွင့်မယ်။ အေးအေးချမ်းချမ်း နေမယ်ဆိုတဲ့ စိတ်ကူးပေါ့။ ဒါပေမယ့်လည်း ဖြစ်လာမလား မသိပါဘူး” လို့ အားလျော့နေတဲ့ လေသံနဲ့ မသီတာက ကျနော့်ကို ပြောပါတယ်။

မသီတာရဲ့အဖြစ်ကို ကျနော်တို့ ပြန်စဉ်းစားပြီး ရလိုက်တာကတော့ မိဘတွေ ကွဲကွာခြင်းဆိုတဲ့ ဖြစ်စဉ်အောက်မှာ သားသမီးတချို့ ရေစုန်မျောသွားရတတ်တာပါပဲ။

“အများအားဖြင့်တော့ လိင်လုပ်ငန်းလုပ်တဲ့ အသိုင်းအဝိုင်းတွေ ဝေဖန်ခံရလေ့ ရှိတာကတော့ သူတို့တွေက ဒီလုပ်ငန်းကနေ တခြား ပြောင်းခိုင်းကြည့်၊ ဘယ်သူမှ မပြောင်းချင်ကြဘူး။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းက အလွယ်ငွေရတယ်လေ” ဆိုတဲ့ ဝေဖန်မှုပါပဲ။

ဒီဝေဖန်မှုဟာ မှန်ကန်သယောင် ထင်ရပေမယ့် လိင်လုပ်ငန်းလုပ်သူတို့ အတွက်တော့ ဘဝ ခန္ဓာကိုယ် စိတ်မလုံခြုံမှု အနာဂတ် အရိပ်မည်းတွေနဲ့ အလွယ်တကူ ငွေရယူနေတဲ့ လုပ်ငန်းတော့ မဟုတ်ဘူးဆိုတာ သူတို့ဘဝတွေကို တွေးတာနဲ့ မြင်နိုင်နေပါတယ်။

“ဘယ်သူကတော့ ဒီအလုပ်ကို လုပ်ချင်ကြမှာလဲ။ ကောင်းရောင်းကောင်းဝယ်ပဲ လုပ်ချင်တာပေါ့။ အစကတော့ အဆင်ပြေရင် အရင်းအနှီးရအောင်ဆိုပြီး ရန်ကုန်မှာ အဆောင်နေပြီး အလုပ်လုပ်တယ်။ အဲဒီမှာ အဆောင်နေ သူငယ်ချင်းက ဒီလို အငှားလိုက်လုပ်တော့ ညီမကို ဆွယ်တာနဲ့ ညီမလည်း လုပ်မိခဲ့တာ” လို့ အသက် ၂ဝ ကျော် အရွယ် လိင်အလုပ်သမလေး သက်ထားက ပြောပါတယ်။

မသက်ထားဟာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းဘက်ကနေ နယ်စပ်မြို့ကလေးကို ရောက်လာတဲ့ ငယ်ရွယ်ပြီး အလှသွေးကြွယ်ဆဲ အမျိုးသမီးငယ်တဦး ဖြစ်ပါတယ်။ သူမကို ဒီလုပ်ငန်းကို တွန်းပို့စေခဲ့တာကတော့ သူမ အပျိုစင်မဟုတ်တော့ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

“ညီမ ၁၉ နှစ်မှာ အိမ်ထောင်ကျတယ်။ အဲဒီတုန်းက ရည်းစား ချစ်သူလည်း မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ အလည်လွန်ပြီး ပြန်ချိန်နောက်ကျလို့ မပြန်ရဲဘဲ အိမ်ထောင်ကျခဲ့တာပါ။ ဒါပေမယ့် အိမ်ထောင်က ၅ နှစ်အကြာမှာ ကွဲတယ်။ ယောကျာ်းလေး တယောက် သားသမီးထွန်းကားခဲ့တယ်။ သူ့ကိုတော့ ညီမအမေနဲ့ ထားတယ်” လို့လည်း မသက်ထားက ဆိုပါတယ်။

ရေစုန်မျောနေသူတွေရဲ့ ဘဝတွေထဲ တွန်းအားအမျိုးမျိုးတွေမှာ အိမ်ထောင်ကွဲခဲ့ရတယ်ဆိုတဲ့ အချက်ကလည်း များသောအားဖြင့် သူမတို့တွေအဖို့ အဓိကအခန်းက ပါဝင်နေတာ တွေ့ရပါတယ်။ လိင်အလုပ်ကို လုပ်ကိုင်ဖို့ ဆုံးဖြတ်ရာမှာ “ငါ အပျိုစင်မှ မဟုတ်တော့တာဘဲ။ ဒါကလည်း မထူးတော့ပါဘူး။ အဓိက ငါ့ကလေးနဲ့ မိသားစုကို ငါ ကျွေးမွေးနိုင်ဖို့ ငွေရဖို့က အဓိကပဲ” ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို လိင်အလုပ်သမ အများဆုံးဆီက ကြားသိရပါတယ်။

“မိသားစုနဲ့နေရင်း ယောကျာ်းနဲ့လည်း ကွဲ။ အိမ်ကလည်း အဖေကဆုံးတော့ အပြင်ကို ငွေရှာထွက်ရင်း တနယ်ခြားမှာ ဆွယ်ရာ ပါသွားခဲ့တာ။ ဒါကလည်း ညီမအတွက်တော့ မထူးဘူးဆိုတဲ့ အတွေးကြောင့်ပါ။ ဒါပေမယ့် ဒီလုပ်ငန်းကို ညီမ အမြဲလုပ်ဖို့ စိတ်မကူးဘူး။ ခု လုပ်တာ ၂ နှစ်တော့ ရှိပြီ။ အိမ်လည်း ငွေပို့နိုင်တယ်။ တလကို ၁ဝ သိန်းလောက် ခု ငွေဝင်တယ်။ အိမ်ပြန်ပြီး အိမ်ဆိုင်ပဲ ဖွင့်နိုင် ဖွင့်နိုင် လုပ်ဖို့ စိတ်ကူးတယ်” လို့ မသက်ထားက ဆက်ပြောပါတယ်။

လိင်အလုပ်သမ လောကထဲ ရေစုန်မျောသူတို့အဖို့ ရေစုန်ကနေ ရေဆန်ကို လှန်တက်ဖို့ စိတ်ကူးနေသူတွေ ရှိသလို ရေစုန်မျော မောရင်း ရေဆန်ဖို့ လက်ပန်းကျ အားလျှော့လိုက်ရသူတွေလည်း အများအပြား တွေ့ရပါတယ်။

“ညီမ အိမ်ထောင်ပြုဖို့ စိတ်မကူးတော့ဘူး။ ဒီမှာ ညီမတို့ဆီ လာတဲ့သူတွေဟာ အများအားဖြင့် အိမ်မှာ မိန်းမနဲ့ အဆင်မပြေတာတွေ များတာ တွေ့ရတော့ ညီမ နောက်ထပ် အိမ်ထောင်ပြုဖို့လည်း စိတ်မကူးရဲတော့ဘူး။ နောက်ပြီး ဒီလောကက ထွက်လာတဲ့ အရိပ်ကလည်း ပါတာပေါ့” လို့ မသက်ထားက ဆိုပြန်ပါတယ်။

သူတို့တွေကို ပတ်ဝန်းကျင်က ဘယ်လိုပဲ ဆက်ဆံနေပါစေ၊ သူတို့တွေကတော့ သူတို့လုပ်ငန်းနဲ့သူတို့ အဆင်ပြေနေကြပါတယ်။ အဆင်ပြေမှုတွေထဲမှာတော့ ဘဝရေစုန်ကို မျောနေရပေမယ့် မောနေရတဲ့ ဗေဒါတွေကတော့ အများသားပါပဲ။

“ညီမတို့ အများစုက အစကတော့ ခဏပဲ အရင်းအနှီးရအောင် ရည်ရွယ်တယ်။ ဒါပေမယ့် အခြားလည်း မလုပ်တတ်ဆိုတော့ လုပ်ရင်း သုံးရင်း တကယ့် ဆန်တက်ရမယ့် အချိန်ရောက်တော့ ခြေကုန်လက်ပန်းကျပြီး ရေစုန်ကိုပဲ မောမောနဲ့ မျောနေရတော့တာပါပဲ” လို့လည်း မခက်နွယ်က ပြောရှာတယ်။

ဒီတော့ ရေစုန်မျောခြင်းမှာ ရေဆန်ကို ပြန်တက်ဖို့ အခွင့်အရေးနဲ့ အားအင်ကို အကျိုးရှိရှိ သတိနဲ့ ဖြတ်သန်းကြဖို့ သူတို့လေးတွေအတွက်တော့ လိုအပ်နေပါတော့တယ်။  ။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013