DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ချင်းတွင်းမြစ်ရေကြီးနေ
DVB
·
July 20, 2012
Donate to DVB

မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းက ဟုမ္မလင်း၊ ခန္တီး၊ ထမံသီ စတဲ့မြို့တွေမှာ ချင်းတွင်းမြစ်ရေကြီးမှုနဲ့ ကြုံတွေ့နေရပါတယ်။

အထက်မြန်မာပြည် မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းနဲ့ ခန္တီးမြို့တွေမှာ စိုးရိမ်ရေမှတ်နားထိ ရောက်နေပြီလို့ ပြောပါတယ်။

မန္တလေးအခြေစိုက် မိုးလေ၀သဌာနက တာဝန်ရှိသူတဦးက  “စိုးရိမ်ရေမှတ်ကတော့ ၂၉၀၀၊ အခုရောက်နေတာက ၂၈၇၆။ ခန္တီးက စိုးရိမ်ရေမှတ်က ၁၃၆၀။ မနက်က အမြင့်ဆုံး ၁၂၇၂ ထိရောက်လိုက်တယ်။ အခုနေ့လယ်မှာ ၁၂၇၁ ကျသွားပါပြီ။ မုတ်သုံရောက်တော့ မိုးများပါတယ်။ သီတင်းကျွတ်လောက်မှပဲ မိုးနည်းသွားပါတယ်။”

ဟုမ္မလင်းမြို့မှာ မြစ်ရေကြီးနေပေမယ့်  မြစ်ကမ်းနံဘေးက လူနေအိမ်တွေ ကတော့  ရေမြုပ်မယ့် အခြေအနေမရှိဘူးလို့ ဟုမ္မလင်းမြို့ခံတဦးကပြောပါတယ်။

“စိုးရိမ်ရေမှတ်တော့ မရောက်သေးဘူး။ မြေတွေဘာတွေ မြုပ်တယ်လို့တော့ အသံမကြားသေးဘူး။ ဟုမ္မလင်းမြို့က စိုးရိမ်စရာ အနေအထား မရောက်သေးဘူးဗျ။ ရေတော့ ကြီးနေတယ်။”

ဒါ့ပြင် ချင်းတွင်းမြစ်တွင်းမှာလည်း လှေသင်္ဘောတွေ ပုံမှန်အတိုင်း သွားလာနေဆဲပဲလို့ သူက ပြောပါတယ်။

ထမံသီဘက်မှာတော့ ဒီကနေ့အထိ  မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး  အနီးအနားရွာတွေက စိုက်ခင်းတွေပါ ရေထဲ နစ်မြုပ်နေတယ်လို့  ဒေသခံတဦးက ပြောပါတယ်။

“ဆိပ်ကမ်းနဲ့  ကုန်းပေါ် မြေမျက်နှာပြင်နဲ့ဆိုရင် ၅ ပေ ၆ ပေလောက်ကွာမယ်။ လူနေအိမ်တွေတော့ မမြုပ်သေးဘူး။ ဒါပေမယ့် ရွာနောက်ဘက်မှာ အင်းတွေရှိတဲ့ဘက်တော့ မြုပ်တယ်။ မြစ်ရေနဲ့ အင်းနဲ့ ဆက်သွားတာပေါ့။ စိုက်ခင်းတွေ၊ လယ်တွေကတော့ ရေမြုပ်နေတယ်။ လယ်တွေမြုပ်တဲ့အထိကတော့ နှစ်တိုင်းဝင်တယ်။ မိုးက သည်းလိုက် ခဏနေ ရပ်သွားလိုက်၊ သည်းလိုက်၊ ရပ်သွားလိုက်ပဲ။ ခန္တီးဘက်မှာ စိုးရိမ်ရေမှတ်က သူတို့ဘက်ကကျရင် ကျမတို့ဘက်က တက်တဲ့ထုံးစံရှိတယ်။ သူတို့ဘက်ကကျရင် ကျမတို့ဘက် တက်မယ်ထင်တယ်။”

အခုလို အထက်ပိုင်းမှာ မိုးများပြီး မြစ်ရေကြီးမှုတွေ ဖြစ်ပွားနေပေမယ့် မန္တလေးတိုင်း အပါအ၀င် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာတော့ မိုးနည်းနေပြီး မိုးရေသိပ်မရတဲ့အတွက် စိုက်ပျိုးရေးသမားတွေ အခက်တွေ့နေရပါတယ်။ မိုးလေ၀သဌာနကတော့ မုတ်သုံဆုတ်ချိန်ကာလ လာမယ့် စက်တင်ဘာ အောက်တိုဘာလောက်မှ မိုးရေ ကောင်းကောင်းပြန်ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

အခုနှစ် မိုးရာသီမှာ မြန်မာနိုင်ငံအတွင်း အချို့ဒေသတွေမှာ မိုးရွာသွန်းမှုနောက်ကျတာနဲ့ မိုးရေချိန်လက်မ နည်းပါးနေပြီး စပါးသီးနှံအတွက် စိုက်ပျိုးရေလုံလောက်စွာမရရှိတဲ့ အခြေအနေမျိုးဖြစ်နေတာကြောင့် မိုးလေဝသ အခြေအနေပေါ်မူတည်ပြီး တောင်သူလယ်သမားတွေအနေနဲ့ ၀င်ငွေရ သီးနှံတွေကို အစားထိုးစိုက်ပျိုးဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013