DVB Logo
Home
မြန်မာသတင်း
ဘီလင်းမြို့ရေကြီး၍ လူ ၁ဝဝဝဝ ခန့် ရေဘေးဒုက္ခရောက်၊ လယ်ဧက ၁ဝဝဝ ကျော် နစ်မြုပ်
DVB
·
July 27, 2018
ဘီလင်းမြို့ရေကြီး၍ လူ ၁ဝဝဝဝ ခန့် ရေဘေးဒုက္ခရောက်၊ လယ်ဧက ၁ဝဝဝ ကျော် နစ်မြုပ်
Donate to DVB

မွန်ပြည်နယ် ဘီးလင်းမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းချောင်းရေ တက်တဲ့အတွက် ဘီးလင်းမြို့ ရပ်ကွက်အားလုံး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး လူဦးရေ ၁ သောင်းလောက် ရေဘေးဒုက္ခ ကြုံတွေ့နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၁ဝ၂၂ စင်တီမီတာရှိပေမယ့် အခုလက်ရှိ ရေဟာ ၁ဝ၉၂ စင်တီမီတာအထိ စိုးရိမ်ရေမှတ် ကျော်လွန်တဲ့အတွက် ကျေးရွာတွေ အပါအဝင် မြို့ပေါ်ရပ်ကွက်အားလုံး ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေတယ်လို့ ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက ပြောပါတယ်။

“ရေက ဆက်တက်မယ့် သဘောတော့ ရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီမှာလည်း မိုးရွာနေတယ်။ အပေါ်မှာကလည်း ရေက ဆက်ကြီးနေတုန်းပဲဆိုတော့ အဲဒီအပေါ်မှာကြီးတာက ကျနော်တို့ဆီကို သုံးနာရီ လေးနာရီလောက်ကြာမှ ထပ်ရောက်တာကိုး။ ဘီးလင်းမှာတော့ ရပ်ကွက်တွေအကုန်လုံး ရေဝင်ကုန်ပြီ။”

ဘီးလင်းတမြို့နယ်လုံး ရေဖုံးလွှမ်းနေပြီး ရေဘေးဒုက္ခသည် ၁ သောင်းနီးပါးကို ဒုက္ခသည်စခန်း ၆ ခုဖွင့်ပြီး ကယ်ဆယ်ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောပါတယ်။

"ကားလမ်းတွေပိတ်နေတာ ညကတည်းက ပိတ်နေတာ။ အခုဆို ကားလမ်းအရှည်ကြီး ဖြစ်နေပြီ၊ ဘီးလင်းမြို့ပေါ် ရာဇာမင်းဆီဆိုင်ကနေ ကောင်းမြတ်ဆိုင်အထိ ရေတွေကျော်လို့ ကားလမ်းတွေ ပိတ်နေတယ်။ ခရီးသွားပြည်သူလည်း ၄ဝဝဝ ကျော်လောက် ပိတ်မိနေတယ်။ ရေက ပိုပြီးတက်သွားတယ်။ စိုးရိမ်ရေအမှတ်က ၁ဝ၂၂ စင်တီမီတာပဲ ရှိတယ်။ အခုက ၁ဝ၉၂ အထိ တက်သွားပြီ။ နောက်တရက် နှစ်ရက်လောက်အထိ အခြေအနေက ကောင်းမှာမဟုတ်ဘူး။ ရေကျဖို့လည်းမရှိသေးဘူး၊ တမြို့လုံးနီးပါး မြုပ်နေတယ်။ အပေါ့အပါးသွားတာတို့၊ ရေသန့်တို့၊ အစားအသောက်တို့ တော်တော်ဒုက္ခရောက်နေတယ်။”

ရေကြီးမှုကြောင့် မနေ့ညကစပြီး သထုံနဲ့ ဘီးလင်း အဝေးပြေးလမ်းမကြီးအကြား ရေကျော်နေတဲ့အတွက် အဝေးပြေးလမ်းကို မနေ့ညကနေ ဒီကနေ့အထိ ခေတ္တပိတ်ထားတယ်လို့လည်း ပြောပါတယ်။

ကားလမ်းပိတ်မှုကြောင့် အဝေးပြေးလမ်း ၄ မိုင်လောက်အရှည်ထိ ကားတွေ ပိတ်နေပါတယ်။

ရေကြီးမှုကြောင့် ဘီးလင်းမြို့နယ်တွင်း ကျေးရွာပေါင်း ၃ဝ လောက် ရေလျှံနေပြီး မိမိအဆင်ပြေရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြပါတယ်။

ရေကြီးမှုကြောင့် လူနှစ်ဦး မြွေကိုက်ခံရပြီး ဘီးလင်းဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေတယ်လို့လည်း ဦးတင်ကိုကိုဦးက ပြောပါတယ်။

ဒါ့အပြင် ရေကြီးမှုကြောင့် ဘီးလင်းမြို့နယ်က လယ်မြေဧက ၁ ထောင်ကျော် ရေဝင်နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ရေဘေးဒုက္ခသည်တွေကို မွန်ပြည်နယ် အစိုးရအဖွဲ့က ဝန်ကြီးချုပ် ဦးဆောင်ပြီး မွန်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့် အပါအဝင် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေ စက်လှေ ၁၅ စီးနဲ့ ကယ်တင်ခဲ့ပါတယ်။

ဘီးလင်းမြို့မှာ အရင်နှစ်တွေကလည်း ရေကြီးလေ့ရှိပေမယ့် အခုလို တမြို့လုံးနီးပါး ရေဖုံးလွှမ်းတဲ့ အခြေအနေ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာလည်း ဒီကနေ့ ရေပိုပြီးမြင့်တက်နေသလို မြဝတီမြို့မှာ မိုးများကြီး ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားနေပါတယ်။

အခုလို ရေကြီးတဲ့အတွက် သွားလာမှု ခက်ခဲနေသလို ကုန်စည်စီးဆင်းမှုလည်း ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း - နော်နိုရင်း၊ အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013