DVB Logo
Home
မေးမြန်းခန်း
အာဇာနည်နေ့အပေါ် ဦးဝင်းတင်နှင့် မေးမြန်းချက်
DVB
·
July 19, 2012
အာဇာနည်နေ့အပေါ် ဦးဝင်းတင်နှင့် မေးမြန်းချက်
Donate to DVB

ဒီနှစ်မှာ အာဇာနည်နေ့ အခမ်းအနားတွေကို အစိုးရ ဦးဆောင်တဲ့ အခမ်းအနားအပါအ၀င် နေရာအသီးသီးမှာ ကျင်းပခွင့်ရကြပေမယ့် ဆက်လက် ပိတ်ဆို့တာ ခံရတဲ့နေရာတွေလည်း ရှိပါတယ်။

၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အနှစ် ၂၀ နီးပါး အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကအဖွဲ့ဝင် ဦးဝင်းတင်ကို မေးမြန်းထားပါတယ်။

ဒီနေ့ အာဇာနည်နေ့အခမ်းအနားက စစ်ကောင်စီခေတ် လွန်ခဲ့တဲ့ နှစ် ၂၀ ကနဲ့ မတူဘဲ လူငယ်တွေရော ကျောင်းသားတွေရော ကျယ်ကျယ်ပြန့်ပြန့် ကျင်းပကြတယ်။  ဒါနဲ့ပတ်သက်လို့ ဘဘ ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်ပြပါလား။ အစိုးရက ပြောင်းလဲလာပြီလို့ ပြောလို့ရပြီလား။

“ကျနော်တော့ အဲလိုမမြင်ဘူး။ တခြားသူတွေ ဘယ်လိုမြင်လဲတော့ မသိဘူး။ မနေ့ကညထိ သိရတာတောင်မှ ရန်ကုန်မြို့ တဖက်ကမ်း ဒလတောင်မှ အာဇာနည်နေ့ကို ကျောင်းသားတွေ ကျင်းပခွင့်မရဘူး။ ပခုက္ကူ၊ မြင်းခြံ၊ မကွေး၊ ပဲခူးတို့လို မြို့တွေတောင်မှ အပိတ်အဆို့တွေ အများကြီး ရှိတယ်။ အာဇာနည်နေ့ဟာ ခါတိုင်းနဲ့မတူဘဲနဲ့ ပွင့်လင်းလာတဲ့အတွက် ၀မ်းသာမယ်ဆိုလည်း ၀မ်းသာစရာပဲ။ ကျနော်လည်း ၀မ်းသာပါတယ်။ အာဇာနည်နေ့ဆိုတာ ဆူပူတဲ့နေ့မဟုတ်ဘူး၊ ဆန္ဒပြနိုင်တဲ့နေ့မဟုတ်ဘူး။ ဒီလိုနေ့မျိုးကို ၀ိုင်းဝန်းဖွင့်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲလို့ ယူဆပါတယ်။ ဖွင့်ပေးနိုင်အောင်လည်း လုပ်ပါ။ ဒီနှစ်ကတော့ ကျနော် သိရသလောက် ဘယ်မှာမှ လွတ်လွတ်လပ်လပ် မလုပ်နိုင်ဘူး။ တချို့မြို့တွေမှာဆို အာဇာနည် ဗိမာန်မရှိတဲ့အတွက် ရန်ကုန်မှာသွားလုပ်ကြဆိုတဲ့ အပြောခံရတာမျိုးရှိတဲ့အခါ ဒါဟာ အလွန်ဆိုးတဲ့ သဘောထားမျိုးဖြစ်တယ်။ အစိုးရကိုယ်တိုင်က သဘောထားတာလား။ အောက်ခြေတွေမှာ ဖြစ်တာလား ဆိုတာ. နောင်နှစ်တွေမှာ ဒါမျိုးမဖြစ်အောင် လုပ်ပါလို့ ကျနော်က ပြောချင်တယ်။”

ဘဘတို့လည်း အသက် ၈၀ ရောက်ပြီဆိုတော့ နိုင်ငံရေးအမွေမပေးခင်မှာ ကျောင်းသားလူငယ်တွေကို အာဇာနည်နေ့နဲ့ ပတ်သက်လို့ ဘဘ ဘာတွေများ ပြောစရာစကားလုံးတွေ ရှိမလဲ။

“အာဇာနည်နေ့ဆိုတာက အာဇာနည်စိတ်ဓာတ်ကို ဖြန့်ဖြူးပေးနိုင်တဲ့နေ့၊ သွတ်သွင်းပေးနိုင်တဲ့နေ့လို့ ပြောချင်ပါတယ်။ ဒီနေ့မှာ နိုင်ငံရေးတောင်းဆိုချက်တွေ၊ ဆန္ဒပြတာတွေ တောင်းဆိုတဲ့နေ့မဟုတ်ဘူး။ ကျနော်တို့ ဖြန့်ဖြူးပေးနိုင်တာက နောက် လူငယ်မျိုးဆက်သစ်တွေကို အာဇာနည်နေ့ဆိုတာဟာ အာဇာနည်စိတ်ဓာတ်တွေ ဖြန့်ဖြူးပေးတာ၊ အာဇာနည်စိတ်ဓာတ်တွေ မွေးနိုင်အောင်ပြုလုပ်ပေးတဲ့နေ့လို့ ပြောချင်တယ်။ အာဇာနည်နေ့ဟာ အလွန်အရေးကြီးပါတယ်။ အာဇာနည်စိတ်ဓာတ်ဆိုတာက ဘာလဲဆိုတော့ မွန်မြတ်ခြင်းတရားကနေ ပေါက်ဖွားလာပြီးတော့ မွန်မြတ်တဲ့စိတ်အခြေခံရှိတဲ့ ပုဂ္ဂိုလ်များသာ ထားနိုင်တဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ မွန်မြတ်တဲ့စိတ်ကတဆင့် အနစ်နာခံတာ၊ စွန့်လွှတ် စွန့်စားတာဆိုတဲ့ တိုင်းပြည်အတွက် အနစ်နာခံတဲ့ ရဲရင့်သတ္တိရှိတာဆိုတာတွေ တဆင့် တဆင့် ပွားလာတာ။ အဓိကတော့ မွန်မြတ်တဲ့စိတ်ဓာတ်က အရေးကြီးပါတယ်။ မွန်မြတ်တဲ့စိတ်ဓာတ်ရှိမှသာလျှင် ကျနော်တို့တိုင်းပြည်မှာ မွန်မြတ်တဲ့စိတ်ဓာတ်နဲ့ လူငယ်တွေထွန်းကားလာမယ်။ တိုင်းပြည်လည်း ထွန်းကားလာမယ်။”

အရင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေ၀င်း လက်ထက်တုန်းက သူကိုယ်တိုင် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ပြီး နောက်ပိုင်းကျတော့ အဆင့်နိမ့်ပြီး ၀န်ကြီးအဆင့်မျိုး သွားတယ်ဆိုတော့ အာဇာနည်နေ့ အခမ်းအနားကို အုပ်ချုပ်သူတွေက ဘာကြောင့်  ကျင်းပခွင့်ကို ပိတ်ပင်တာလဲ။

“အာဇာနည်နေ့ဆိုတာက မွန်မြတ်တဲ့ စိတ်ဓာတ်တွေ ဥပမာ မွန်မြတ်တဲ့စိတ်ဓာတ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်လို့ လူတွေက ယုံကြည်ကြတယ်။ လူငယ်တွေက သိမြင်လာတဲ့အခါကျတော့ စစ်အာဏာရှင်တွေဟာ ဦးနေ၀င်းလို ပုဂ္ဂိုလ်တွေဟာ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ စိတ်ဓာတ်အနေအထား သူတို့ခေတ်မှာ ထားရှိခဲ့တဲ့ သဘောထားတွေနဲ့ အသိအမြင်တွေ နိုင်ငံရေးသဘောထားတွေ သိပ်ပြီး ကင်းကွာလာတဲ့အခါကျတော့ သူတို့ဟာ နေရင်းထိုင်ရင်းနဲ့ အာဇာနည်နေ့ ကျင်းပတိုင်း သူတို့ရဲ့ အနေအထား သူတို့ရဲ့ စိတ်ဓာတ်တွေဟာ ဗီလိန် လူဆိုးဖြစ်လာတယ်ဗျာ။ ကျနော်ထင်တယ် အဲဒီကနေ စတာပဲ။ အာဇာနည်နေ့အပေါ်မှာ စိတ်ထားကောင်းတွေ မထားနိုင်တာ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အပေါ်မှာ စိတ်ထားကောင်းတွေ မထားနိုင်တာက အဲဒီက စတာလို့ ကျနော်ပြောချင်တယ်။ ဒုတိယတချက်က နောက်ပိုင်း ၁၉၈၈ လောက်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးက ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာနဲ့ တပြိုင်တည်း ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပါလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပါလာတာနဲ့ တပြိုင်နက် အာဇာနည်နေ့ ဆိုတာ ကပ်ပါလာတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အနာဂတ်တွေကို ပိတ်ဆို့ဖျက်ဆီးချင်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်တဲ့ သဘောထားတွေ ပေါ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆန့်ကျင်ရင်းကနေ တဆင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသက်ပေးခဲ့တဲ့ အာဇာနည်နေ့ကိုပါ ဆန့်ကျင်တဲ့ စိတ်ဓာတ်တွေ ပေါ်လာတယ်လို့  ကျနော်ပြောချင်ပါတယ်ခင်ဗျ။”

အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ထပ်ပြီး ဖြည့်စွက်ပြောချင်သေးလားဗျာ။

“အာဇာနည်နေ့ဆိုတာ လူငယ်တွေနဲ့ ပတ်သက်တယ်၊ မွန်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့လည်း ပတ်သက်တယ်။ တိုင်းပြည်အတွက် နစ်နာခံတဲ့သူတွေနဲ့ ပတ်သက်တဲ့အခါကျတော့ ဒီလိုနေ့မျိုးတွေကိုတော့ အားလုံး တိုင်းသူပြည်သား အားလုံးဟာ လွတ်လွတ်လပ်လပ်နဲ့  စိတ်ကောင်းစေတနာနဲ့ ကျင်းပနိုင်ဖို့ လိုတယ်လို့ ကျနော် ယူဆပါတယ်။ ပိတ်ဆို့တားဆီးတယ် ဆိုတာကတော့ ဒီနှစ်မှာ မရှိဆုံးဘဲလို့  ကျနော်ယူဆတယ်။ နောင်ကို အပိတ်အဆို့ အတားအဆီး မရှိအောင် ၀ိုင်းဝန်းကူညီကြပါ၊ ခွင့်ပြုကြပါလို့ ကျနော်ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013