DVB Logo
Home
မြန်မာသတင်း
ကျောင်းဆရာမ၏ သမီးကို အဓမ္မပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူကို ဖမ်းဆီး
DVB
·
July 26, 2018
ကျောင်းဆရာမ၏ သမီးကို အဓမ္မပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူကို ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း​၊ မြောင်းမြမြို့နယ်​၊ ဆင်​ကူး​ကျေးရွာအုပ်​စုက ရွာတရွာမှာ ကျောင်းဆရာမတစ်ဦးရဲ့ သမီးကို  ပထွေးဖြစ်သူက ၈နှစ်အတွင်း မုဒိမ်းအကြိမ်ကြိမ် ပြုကျင့်ခဲ့မှုနဲ့ ဇူလိုင်၂၄ရက်က မြောင်းမြရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ခင်မောင်လတ်က ဒီဗွီဘီကို ပြောပါတယ်။

မြောင်းမြမြို့နယ်​၊ ဆင်​ကူးကျေးရွာက အလယ်တန်းပြဆရာမ တဦးဟာ ၂ဝ၁ဝ ဒီဇင်ဘာလက ဖောင်​ကြီးသင်​တန်းကို ၁ လခွဲတက်​​ရောက်​နေချိန် နေအိမ်မှာ ပထမ အိမ်ထောင်နဲ့ ရရှိခဲ့တဲ့ သမီးဖြစ်သူကို နောက်အိမ်ထောင်ခင်ပွန်းက မုဒိန်းပြုကျင့်ခဲ့ပြီး အခြား သူတွေကိုပြောရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် သမီးဖြစ်သူရဲ့အရှက်ကို စိုးရိမ်ပြီး အမှုမဖွင့်ခဲ့ဘူးလို့ဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ သမီးဖြစ်သူမှာကိုယ်ဝန်ရရှိခဲ့ပြီး ပထွေးက ကိုယ်ဝန်ပျက်ကျစေတဲ့ ဆေးတွေတိုက်ခဲ့တဲ့အတွက် သမီးဖြစ်သူမှာ နာကျင်ကိုက်ခဲ ဝေဒနာခံစားရကာ မြောင်းမြပြည်သူ့ဆေးရုံမှာ သားအိမ်ခြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူ ၁ဝ တန်းစာမေးပွဲ ဖြေဆိုချိန် ကျောင်းပိတ်ရက်မှာလည်း အဓမ္မပြုကျင့် လိုတဲ့အတွက် ပထွေးက ပြန်ခေါ်ပေးဖို့ပြောတာကြောင့် ကြောက်လန့်ပြီးခေါ်ပေးရကြောင်း၊ ၁ဝ တန်းပြီးလို့ အမျိုးတွေရှိတဲ့ ရန်ကုန်ကို ပို့ထားတဲ့အခါမှာလည်း ပထွေးကပြန်ခေါ်ပေးဖို့နဲ့ မခေါ်ပေးရင် ဆရာမဖြစ်သူကို သတ်ပစ်မယ်၊ ရန်ကုန်ကိုလိုက်ပြီးအရှက်ခွဲမယ် ဆိုတာကြောင့် ပြန်ခေါ်ပေးခဲ့ရကြောင်း၊ အခုတက္ကသိုလ် ပထမနှစ်တက်ချိန်မှာလည်း ပြန်ခေါ်ပေးဖို့နဲ့ မခေါ်ပါက ကျောင်းကိုလိုက်ပြီး အရှက်ခွဲမယ်လို့ ပြောလို့ ထပ်မံခေါ်ပေးခဲ့ရတယ်လို့လည်း ဆရာမက ပြောပါတယ်။

ဒီနောက် သမီးဖြစ်သူကို ပထွေးမသိအောင် ရန်ကုန်မြို့ကိုသွားရောက် အလုပ်လုပ်ကိုင်စေပြီး နောက်ပိုင်းမှာ သမီးဖြစ်သူ ထပ်မံနှောက်ယှက်ခံရမှာ၊ သမီးဖြစ်သူရှေ့ဆက်ပြီး သိမ်ငယ်ရှက်ရွှံ့မှုတွေနဲ့ နေထိုင်ရမှာ၊ ပညာသင်ခွင့်တွေ ဆုံးရှုံးမှာစိုး တဲ့အတွက် တိုင်ကြားခဲ့တာလို့ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပထွေးဖြစ်သူကို ဖမ်းဆီးထားပြီး ဇူလိုင် ၂၄ ရက်မှာ မြောင်းမြမြို့မရဲစခန်းက (ပ)၁ဝ၆၇/၂ဝ၁၈ ရာဇသတ်​ကြီး ပုဒ်​မ၃၇၆ မုဒိမ်းမှုနဲ့ စစ်ဆေးနေတယ်လို့ ဒုရဲမှူးကြီးခင်မောင်လတ်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013