DVB Logo
Home
မြန်မာသတင်း
ပိတ်ဆို့ဒဏ်ခတ်မှု ၃ နှစ် ထပ်တိုးရန် အမေရိကန် ဆီးနိတ်လွှတ်တော်ဆုံးဖြတ်
DVB
·
July 19, 2012
ပိတ်ဆို့ဒဏ်ခတ်မှု ၃ နှစ် ထပ်တိုးရန် အမေရိကန် ဆီးနိတ်လွှတ်တော်ဆုံးဖြတ်
1 / 2
Donate to DVB

မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံကို တင်သွင်းမှု တားမြစ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုဥပဒေကို လာမယ့် ၂၀၁၅ ခုနှစ် အထိ ၃ နှစ်  သက်တမ်းတိုးဖို့ အမေရိကန် ဆီးနိတ် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဇူလိုင် ၁၈ ရက်နေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

[caption id="attachment_28186" align="alignright" width="234" caption="ဆီးနိတ် ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ မက်ဘောကပ်စ်"][/caption]

ဆီးနိတ် ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ မက်ဘောကပ်စ် (Max Baucus) က  “သွင်းကုန်ပိတ်ဆို့မှုတွေကို သုံးနှစ် အာဏာတည်အောင် ဆက်လုပ်ထားခြင်းအားဖြင့်  မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဆောင်ရွက်လာအောင် ကျနော်တို့ ဆက် ဖိအားသွားမယ်” လို့ မဲခွဲဆုံးဖြတ်အပြီးမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာပြည်လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေဟာ  ဒီလကုန်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဆီးနိတ်လွှတ်တော်က သက်တမ်းထပ်တိုးဖို့ ဆုံးဖြတ်လိုက်တာပါ။

ဥပဒေသက်တမ်းတိုးဖို့ အထက်နဲ့အောက်လွှတ်တော်နှစ်ရပ်စလုံးက သဘောတူဖို့ လိုအပ်တာဖြစ်ပြီး အမေရိကန်သမ္မတက နောက်ဆုံး အဆင့် လက်မှတ်ရေးထိုး အတည်ပြုပေးရမှာပါ။

သမ္မတ အိုဘားမားကတော့    ပြီးခဲ့တဲ့သတင်းပတ်မှာ   မြန်မာအပေါ်  ပိတ်ဆို့ ဒဏ်ခတ်မှုတချို့ကို လျော့ပေးတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကတော့ အမေရိကန်ရဲ့ ပိတ်ဆို့ ဖြေလျော့မှုဟာ အမေရိကန် ကုမ္ပဏီတွေအတွက်သာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ မပါတဲ့အတွက် တဖက်သတ်ဆန်တဲ့ အကြောင်း ဒီကိစ္စ ပြန်သုံးသပ်ပေးဖို့နဲ့ ပိတ်ဆို့မှု ဥပဒေကို လုံးဝ သက်တမ်းမတိုးဖို့ အမေရိကန် စီးပွားရေး ကုန်သွယ်ရေးဆိုင်ရာ ဒု-၀န်ကြီးတွေနဲ့ အမေရိကန် သံအမတ်သစ်တွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ်ဖော်ဆောင်ရာမှာ အဟန့်အတားဖြစ်နေတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို အမြန်ဆုံး ရုပ်သိမ်းဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့တဲ့ ကျားဖြူပါတီ ကွန်ဟိန်းမြို့နယ် လွှတ်တော် အမတ် နန်းဝါနုကတော့  ပိတ်ဆို့မှုတွေဟာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကို တွန်းအားဖြစ်စေမှာ မဟုတ်ဘဲ အားလုံးရဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှု လိုတယ်လို့ ပြောပါတယ်။

“ပိတ်ဆို့လိုက်ရုံနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုကြီးကို တော်တော်လေး ဖြစ်လာနိုင်မယ်လို့ ကျမ မထင်ဘူး။ နောက်ပြီး ပြုပြင်ပြောင်းလဲမှုဆိုတာ တဆင့်ပြီးတဆင့် လုပ်ရတဲ့ အနေအထားကလည်း ရှိတယ်။ နောက်ပြီး အမေရိကန်ပြည်ထောင်စုတင် မကဘူး။ တခြားနိုင်ငံတွေကလည်း  မြန်မာနိုင်ငံ အပေါ် အပြုသဘောဆန်တဲ့ အဘက်ဘက်ကနေ ကူညီပံ့ပိုးစေချင်တယ်။ တကယ်တမ်း ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျမက ထင်တယ်။”

အလားတူ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေး အသိုင်းအ၀ိုင်းကလည်း  မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် အမြန် ပြန်ရောက်စေဖို့အတွက်  မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့   စီးပွားရေး ပိတ်ဆို့မှုတွေ အားလုံး အမြန်ဆုံး ရုပ်သိမ်းဖို့ လိုလားနေကြတာပါ။

ဒါပေမယ့် အမေရိကန်ရဲ့ ပိတ်ဆို့မှု ဥပဒေ အသက်ဝင်လာအောင် ဦးဆောင် ကမကထ ပြုခဲ့သူ တဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် မစ်ခ်ျမက်ကော်နယ်ကတော့ “လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ အားလုံး အပြည့်အ၀ရုပ်သိမ်းဖို့ မြန်မာအစိုးရအနေနဲ့ လိုအပ်တဲ့ အခြေအနေတွေကို ပြည့်မီအောင် လုပ်ဆောင်ဖို့ လိုနေပါသေးတယ်။ မြန်မာအစိုးရဟာ အမှားအယွင်းမရှိ တိုးတက်ဆောင်ရွက်မှု လုပ်နေတာ ရှိလင့်ကစား ခုချိန်ဟာ ကျနော်တို့ရဲ့ လုပ်နိုင်စွမ်းကို အဆုံးသတ်ပြစ်ဖို့ အချိန်မဟုတ်သေးပါဘူး။ အစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်လာအောင် အားပေးဖို့ ဒါမှမဟုတ် လိုအပ်ရင် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်လည်လုပ်ဆောင်ရပါမယ်” လို့ USCB အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မစ္စတာ မစ်ခ်ျမကော်နယ်ဟာ ဒီဥပဒေ ဆီးနိတ်လွှတ်တော်မှာ မဲခွဲမဆုံးဖြတ်ခင် ရက်ပိုင်းက အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး   ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013