DVB Logo
Home
မြန်မာသတင်း
ကျောက်​မီး​သွေးသုံး ဘိလပ်​​မြေစက်ရုံ စီမံကိန်းဖျက်​သိမ်း​ပေးရန် တောင်းဆိုသူ ၅ ဦးကို တရားစွဲ
DVB
·
July 25, 2018
ကျောက်​မီး​သွေးသုံး ဘိလပ်​​မြေစက်ရုံ စီမံကိန်းဖျက်​သိမ်း​ပေးရန် တောင်းဆိုသူ ၅ ဦးကို တရားစွဲ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်နေ တဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြရာမှာ ခေါင်းဆောင်တဲ့ ဒေသခံရွာသား ၅ ဦးကို ငြိမ်းစုစီ ပုဒ်​မ ၁၉ နဲ့ အမှုဖွင့် အ​ရေးယူထားပါတယ်။

မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ကျောက်​မီး​သွေးသုံး ဘိလပ်​​မြေစက်ရုံ စီမံကိန်းကို ဖျက်​သိမ်း​ပေးဖို့ ၂၀၁၄ ခုနှစ်​ကတည်းက ​တောင်းဆိုခဲ့​ပေမယ့် ဒီ​နေ့အထိအ​ရေးယူ​ ဆောင်​ရွက်​​ပေးခြင်း မရှိတာကြောင့် မကြာသေးခင်က အောင်သပြေရွာသားတွေက  နေပြည်​​တော်​အထိသွားရောက် ဆန္ဒပြ​တောင်းဆိုဖို့ ချီတက်ခဲ့ပါတယ်။

နေပြည်တော်သွားဖို့ ရွာကနေ ထွက်လာရာမှာ ကြာနီကန်​ရဲကင်း​ရှေ့မှာ တားမြစ်​ခံခဲ့ရပြီး ရဲနဲ့ ရုန်းရင်ဆန်ခတ် ဖြစ်ပွားခဲ့တဲ့အတွက်  ဒီချီတက်မှုမှာ ပါဝင်တဲ့ ခေါင်းဆောင် ၅ ဦးကို ငြိမ်းစုစီ ပုဒ်​မ (၁၉) တရားစွဲထားကြောင်း မနေ့က အကြောင်းကြားခဲ့ပါတယ်။

ဒီကနေ့မှာတော့ ရပ်တပ်ဖွဲ့ဝင်အင်အားရာချီပြီး အောင်သပြေရွာကိုသွားရောက်ကာ တရားစွဲဆိုခံရသူတွေကို ဖမ်းဆီးဖို့လုပ်ဆောင်ရာမှာ ရွာသားတွေနဲ့ ရုန်းရင်းဆန် ခတ်ထပ်မံဖြစ်ပွားခဲ့တယ်လို့ ရွာသားဦးမြင့်အောင်က ပြောပါတယ်။

“တရားစွဲဆိုခံရတယ်ဆိုတာ မနေ့တုန်းက ကျနော်တို့ဆီကို အကြောင်းကြားစာပို့တယ်ဗျာ။ ငြိမ်းစုစီပုဒ်မနဲ့ငြိနေတဲ့အတွက် ကျနော်တို့ကို လာပြီးတော့ တရားစွဲတယ်ပေါ့နော်။  ဒီနေ့တော့ ရဲတွေနဲ့ စည်းကမ်းအဖွဲ့လာမယ်လို့ပြောပြီး အင်အား ၃၀၀ လောက်နဲ့ အကြောင်းကြား ထားတဲ့လူတွေကို လာဖမ်းတာပေါ့။ ဒီနေ့ ၀ရမ်းမပါဘဲ ဦးရွှေအုန်းကို အရင်စဖမ်း တာပေါ့နော်။ ဖမ်းတော့ ရွာသူရွာသားတွေက ဆွဲပြီးခေါ်တဲ့အခါ  လွတ်သွားတယ်ပေါ့။ ”

တရားစွဲခံထားရသူ​တွေက​တော့ ဦး​ရွှေအုန်း၊ ဦးဝင်း​ဇော်​လတ်​၊ မငြိမ်း​ဋ္ဌေး၊ မဝင်းမာသန်းနဲ့ မယဉ်​ယဉ်​​အောင်​တို့ (၅)ဦးဖြစ်​ပြီး တရားလိုကတော့ ပုသိမ်​ကြီးမြို့နယ်​ရဲတပ်​ဖွဲ့မှူး မျိုးညွန့်​သန်းဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၃၄၁ လမ်ပိတ်ဆို့မှု နဲ့ လူပေါင်း ၈ ယောက်ကိုလည်း ရဲက တရားစွဲဆိုထားပြီး တရားစွဲဆိုခံရတဲ့ မငြိမ်းဋ္ဌေဆိုသူမှာ ဆန္ဒပြသူထဲမှာ မပါဝင်ဘူးလို့လည်းပြောပါတယ်။  

တရားစွဲခံထားရသူတဦးဖြစ်တဲ့ မဝင်းမာသန်းက “ ကျမတို့ကို အခု ပုဒ်​မ ၁၉နဲ့ ငြိမ်းစုစီနဲ့ တရားစွဲဆိုမှုတွေဟာ မတရားဘူးလို့ ကျမထင်​တယ်​။ ကျမတို့ပြည်​သူ​တွေအ​ပေါ်မှာ အခုအစိုးရ အဆင့်ဆင့် အကုန်​လုံး တာဝန်​ရှိအဆင့်ဆင့်က  ကျမတို့ လူထုအ​ပေါ်မှာ​ရော ကျမတို့အဖွဲ့သား​တွေအ​ပေါ်မှာ​ရော ဥပ​ဒေနဲ့မညီညွတ်​ဘဲနဲ့ အဓမ္မကို နှိပ်​စက်​​နေတယ်​လို့ ထင်​ပါတယ်​”လို့ ပြောပါတယ်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အောင်သပြေကျေးရွာမှာ ၂၀၁၄ ခုနှစ်ကတည်းက စတင်တည်ဆောက်တာဖြစ်ပြီ ဒေသံတွေကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးထိခိုက်နိုင်တာကြောင့်  ဒီစက်ရုံမလုပ်ဖို့ ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

သတင်း-အောင်အောင်နိုင်/ နော်နိုရင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013