DVB Logo
Home
မြန်မာသတင်း
အာဇာနည်ခေါင်းဆောင်များကို နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြု
DVB
·
July 19, 2012
အာဇာနည်ခေါင်းဆောင်များကို နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြု
Donate to DVB

ဒီနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ပြီး  ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်ကို လွမ်းသူပန်းခွေချ အလေးပြု မေတ္တာပို့ အမျှပေးဝေခဲ့ပါတယ်။

ဒီအခမ်းအနားကို အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲတွေ၊ ရဲနဲ့ မီးသတ်တပ်ဖွဲ့တွေ တက်ရောက်ပါတယ်။ အခမ်းအနားသတင်းကို အချိန်နဲ့တပြေးညီနီးပါး အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်ကို လျှောချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့က သေနတ်မြှောက် အလေးပြုခြင်း၊ ကျဆုံးရဲဘော်အလေးပြုခရာမှုတ်ခြင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး မေတ္တာပို့အမျှဝေပြီး ၂ မိနစ် ငြိမ်သက်စွာနေခဲ့ပါတယ်။

နိုင်ငံတော် ဒုတိယအကြီးအကဲတဦးဖြစ်တဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရဲ့ အာဇာနည်နေ့အခမ်းအနား တက်ရောက်ဂါရ၀ပြုခြင်းဟာ လက်ရှိအစိုးရက တပ်မတော် စစ်ကောင်စီတုန်းကလို ၀န်ကြီးအဆင့်သာ စေလွှတ် တက်ရောက်ခိုင်းတာမဟုတ်ဘူးလို့ လူတွေက မြင်တွေ့စေတဲ့ ဖြစ်ထွန်းတိုးတက်မှု ဖြစ်ပါတယ်။

ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အာဇာနည်ဗိမာန်ကနေ ထွက်ခွာပြီးတဲ့နောက် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေဟာ ဂူဗိမာန်တွေမှာ လွမ်းသူပန်းခွေချ အလေးပြုကန်တော့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်မှာ သမီး ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူပန်းခြင်းချသလို သားကြီး ဦးအောင်ဆန်းဦး ကိုယ်စား ဦးလှဖေက လွမ်းသူပန်းခွေချ အလေးပြုကန်တော့ မေတ္တာပို့ အမျှဝေကြပါတယ်။  ဒီနောက် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေက ဂူဗိမာန်အသီးသီးမှာ လွမ်းသူပန်းခွေချ အလေးပြုကန်တော့မေတ္တာပို့ အမျှဝေကြပါတယ်။

ဒီနောက် အာဇာနည်နေ့ ဦးစီးကျင်းပရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနဲ့ နိုင်ငံရေးပါတီတွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်အသီးသီးမှာ လွမ်းသူပန်းခွေချအလေးပြုခဲ့ကြပါတယ်။

ဒီနောက် အသင်းအဖွဲ့အသီးသီးကလည်း တက်ရောက်ပန်းခွေချ အလေးပြုခဲ့ကြသလို ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေနဲ့ ဥရောပသမဂ္ဂတို့က သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေက အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်အသီးသီးမှာ လွမ်းသူပန်းခွေချ အလေးပြုကြပါတယ်။ ဒီနောက်မှာတော့ ပြည်သူလူထုက အာဇာနည်ဗိမာန်ကို လာရောက်ဂါရ၀ပြုကြပါတယ်။

အခုလို အာဇာနည်နေ့ အခမ်းအနားကို ဒုတိယသမ္မတကိုယ်တိုင် တက်ရောက်လာတဲ့အပေါ် အသက် ၉၁ နှစ်အရွယ် ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် သခင်ချန်ထွန်းက တိုးတက်မှုအဖြစ်မြင်ပါတယ်။

“အမှန်ကတော့ ဦးနေ၀င်းလက်ထက်တုန်းက သူကိုယ်တိုင်တတ်တာပဲ။ နောက်တော့မှ ဒုတိယလူတို့ဘာတို့ တတ်ရတာ။ အခုလည်း စောစောတုန်းကတော့ ခပ်ငယ်ငယ်ပဲ တတ်ပြီးတော့ ခုတော့ နံပါတ် ၁ တို့ ၂ တို့ တတ်လာတဲ့သဘောပေါ့လေ။ အစိုးရကလုပ်တဲ့အခမ်းအနားမှာ အစိုးရအကြီးအကဲက တတ်တာဟာ သဘာဝကျပြီးတော့ မှန်ကန်တဲ့လုပ်ရပ်ပါ။”

စစ်ကောင်စီလက်ထက်က အာဇာနည်နေ့ အခမ်းအနားကို လူထုအကြားကျင်းပခွင့် ပိတ်ပင်ထားရာက ဒီနေ့မှာတော့ ခြွင်းချက်အဖြစ် ချီတက်ခြင်းမလုပ်ဖို့၊ ပန်းခွေမချဖို့ တားမြစ်တာခံရတဲ့ မြို့နယ်တချို့ရှိတာကလွဲပြီး ကျန်နေရာတော်တော်များများမှာ အတားအဆီးမရှိ ကျင်းပကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013