DVB Logo
Home
Lead Story
ယုံကြည်ရာလမ်း
DVB
·
July 25, 2018
ယုံကြည်ရာလမ်း
Donate to DVB

တနင်္ဂနွေနေ့ နံနက် ၇း၃၀။

တာမွေဈေး ကားမှတ်တိုင်ကို အပြေးသွား။ လက်ထဲမှာ နှစ်ရာတန် ငွေစက္ကူကို ကျစ်ကျစ်ပါအောင် ဆုပ်ထား။ YBS ကားတွေ တစီးပြီးတစီး ဖြတ်သွား။ မှတ်တိုင်ရောက်တော့ နံပါတ် ၇ ကား ရောက်လာ။ ကံကောင်းပ။

ကားက အိုဟောင်းနေပြီ။ ဘာဖြစ်လဲ။ ကားက ချောင်တယ်လေ။  နေရာလွတ်တွေ အများကြီး။ ထိုင်ခုံလွတ်တနေရာမှာ ဝင်ထိုင်မိ။ ထိုင်မရ။ ကျနော့်ဒူးနဲ့ မဆန့်။ ရှေ့ခုံနဲ့ ဒူးနဲ့ တိုက်မိ။ ခေတ်အဆက်ဆက် အံမဝင်တဲ့ကောင်၊ ဒီမိုကရေစီ ဝိုင်ဘီအက်(စ်) စီးတာတောင် အံမဝင်။ အရပ်ရှည်ရှည် မွေးမိတဲ့ အမေ့ကိုပဲ အပြစ်တင်မိ။ ကိုယ့်အမေကလွဲလို့ ဘယ်သူ့ကိုမှ အပြစ်မတင်ရဲတဲ့ ဘဝ။

ဟော….  ကားက ရပ်နေပြီ။ ကားတွေများလို့ လမ်းပိတ်နေပြီ ထင်ရဲ့။ မဟုတ်သေးပါဘူး။ တနင်္ဂနွေစောစော ခါတိုင်းဆို လမ်းတွေ မပိတ်ပါဘူး။ ဟော ဟော တယောက်ပြီးတယောက် ဆင်းသွားကြပြီ။ သူတို့ စိတ်မရှည်ရင်နေပါစေ။ ငါက စိတ်ရှည်ရမယ်။ ဒီမိုကရေစီတိုက်ပွဲဆိုတာ စိတ်ရှည်ရမယ်။ သည်းခံရမယ်။ ဇွဲရှိရမယ်။

ဟယ်… ကားပေါ်ကလူတွေ အကုန်ဆင်းသွားကြပြီ။ ရှေ့မှာ ဝိုင်ဘီအက်စ် ကားအိုပျက်ကြီး တစီး ပိတ်နေလို့တဲ့။ ကရိန်းနဲ့လာဆွဲမှ နောက်ကားတွေ ထွက်လို့ရမယ်တဲ့။ အင်း … စိတ်ရှည်ရမယ်။ သည်းခံရမယ်။ နှစ်ပေါင်း ငါးဆယ်ကျော် စိတ်ရှည်သည်းခံတာပဲ။ ဒီလောက်တော့ အပျော့။

ဒီလမ်းက အဆင်မပြေရင် နောက်တလမ်းက သွားရမှာပေါ့။ အဲဒါ ပျော့ပျောင်းတဲ့လမ်းစဉ်။ အဲ… နောက်တလမ်းက ကားစောင့်စီး။ ဟော... စိနတိုင်းဖြစ် ၄၃ ကားသစ်ကြီး လာပြီ။ ဘယ်ရောက်လဲ မမေးတော့။ ဘယ်နေရာရောက်ရောက် မြို့ထဲဘက်ရောက်ရင် တော်ပြီ။ နောက်မှ ရုံးကို လမ်းလျှောက်မယ်။ ကျန်းမာရေးတောင် ညီညွတ်သေး။ အဲ အဲ... ဒါပေမယ့် ကားခ ကားခ။ ကားခ နှစ်ရာကျပ်တန် မရှိ။  ဟိုရှာ ဒီရှာ။ တထောင်တန်တွေပဲ နှစ်ရွက် သုံးရွက် ထွက်လာ။ ဟော တွေ့ပြီ။ ငါးရာတန် တရွက်။ ဘာဖြစ်သေးလဲ။ ကားခထည့်တဲ့ ပုံးထဲကို ငါးရာတန် ထည့်ပစ်လိုက်တယ်။ ကြုံတုန်းကြိုက်တုန်း ကား အဆင်မပြေတုန်းလေး ကုသိုယ်ယူရတာ။

ကံကလည်း ကောင်းနေတုန်းပဲ။ ကားက ရုံးနားထိရောက်တယ်။

မနေ့ကပျက်တဲ့ ကတ္တရာလမ်းတွေလည်း မေမေ ပြင်ခိုင်းလို့ ဒီမနက်ပြင်ပြီးသား။

ပျက်အစဉ်၊ ပြင်ခဏ။ ခဏခဏပျက်တော့ ဘာဖြစ်လဲ။ ခဏ ခဏ ပြင်ရတာပေါ့။ ခဏ ခဏပြင်တော့ အလုပ်တွေ ပေါတာပေါ့။ အလုပ်ပေါတဲ့ တို့တိုင်းပြည်။

ရုံးမှာ ဓာတ်လှေကားကလည်း မပျက်။ မီးကလည်းမပျက်။ ဒီနေ့တော့ သာသာယာယာပဲ။ စင်ကာပူကို အမီလိုက်တော့မယ့် တို့တိုင်းပြည်အကြောင်း စာရေး။

ဆောင်းပါးရေးလို့မှ မဆုံးသေးဘူး။ မိုးတွေက ဝုန်းဒိုင်းရွာချ။ အရေးပေါ်ခင်းထားတဲ့ လမ်းတွေ ပြန်ပျက်ကုန်မှာ စိုးရိမ်။

စိတ်ကို လျှော့ထား လျှော့ထား။ ဘာမှ မစိုးရိမ်နဲ့။

ကောင်းကင်ဘုံကို ဦးတည်တဲ့လမ်းက ကြမ်းတမ်းစမြဲလို့ ယုံကြည်လိုက်ရင် ပြီးတာပဲ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013