
အစိုးရကိုဆန့်ကျင်တဲ့ သပိတ်စခန်းမှာပါဝင်သူ ကိုကျော်မျိုးရွှေကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ ဒီကနေ့ ချမှတ်လိုက်ပါတယ်။
ကိုကျော်မျိုးရွှေဟာ ၂၀၁၇ သြဂုတ်လက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် သာသနာ ၂၅၀၀ ဗိမာန်မှာ အစိုးရကို ဆန့်ကျင်သပိတ်စခန်းဖွင့်ခဲ့တဲ့ အတွက် ဖမ်းဆီးခံရခဲ့ရတာ ဖြစ်ပါတယ်။
ခုလို ဖမ်းဆီးထောင်ချခံရတဲ့အပေါ် ကိုကျော်မျိုးဆွေက “သပိတ်မှောက်ဆန္ဒပြရာမှာ မပါဝင်ဘဲ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျနော်အနေနဲ့ သံဃာတော်တွေ ဆွမ်းကပ်လိုက်မိတဲ့အတွက် အခုလို ထောင်တနှစ်ခွဲ အချခံခဲ့ရတာ”လို့ ပြောပါတယ်။
ချမ်းမြသာစည်မြို့နယ် ၈၄လမ်း၊ သာသနာ ၂၅၀၀ ဗိမာန်မှာ ၂၀၁၇ ခု သြဂုတ် ၂ ရက်နေ့ က တိုင်းပြည်အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီးအောင်ဆောင်ရွက်နေတဲ့ အစိုးရကို အလိုမရှိ ကြောင်း သပိတ်စခန်းဖွင့်လှစ်ခဲ့ကြပြီး သြဂုတ် ၅ ရက်နေ့က သက်ဆိုင်ရာက ရှင်းလင်း ဖယ်ရှားခဲ့ပါတယ်။
သပိတ်စခန်းမှာ ပါဝင်ခဲ့တဲ့ သံဃာဦးဣနှောဘာသ အပါအ၀င် ၈ ဦးနဲ့ ဦးမြင့်ဦး အပါအ၀င် ၅ ဦးတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ အရေးယူပေးပါဖို့ ခရိုင်သာသနာရေးမှူး ဦးတင်မောင်အေးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်တို့က ၂၀၁၇ သြဂုတ် ၄ ရက်က သက်ဆိုင်ရာမြို့ နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာပါ။
သပိတ်စခန်းပါဝင်သူ အရှင်ဣန္ဒက၊ ဦးအာစရ၊ ဦးအရိယဝံသ၊ ဦးအဂ္ဂဓဇ၊ ဦးပဏ္ဍိတ၊ အရှင်ဝိဝေကာနန္ဒတို့ကို ဒီနေ့မှာ ၁၉ ကြိမ်မြောက်မှာရုံးချိန်မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ကိုကျော်မျိုးဆွေကို တရားဆွဲဆိုကာ ရုံးချိန်ပေါင်း ၄၄ ချိန်းမှာ အခုလိုအမိန့်ချမှတ်ခဲ့ပါတယ်။











