DVB Logo
Home
Lead Story
မတရားစွပ်စွဲခံရသူတွေအတွက် ဥပဒေအကာအကွယ် ဘယ်လိုရှိမလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
July 25, 2018
မတရားစွပ်စွဲခံရသူတွေအတွက် ဥပဒေအကာအကွယ် ဘယ်လိုရှိမလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB



ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ မကြာခင်ရက်ပိုင်းအတွင်းက မုဒိမ်းမှုနဲ့ လီဆယ်တိုင်ကြားမှုတခု ဖြစ်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဥပဒေကို လက်တလုံးခြားလုပ်ပြီး လီဆယ်တိုင်ကြားခံရတဲ့ သူတွေအတွက် ဘယ်လို အကာအကွယ်ပေးနိုင်မလဲ။ အဲဒီလို မတရားခံရတဲ့သူတွေ အတွက်ရော ဘာတွေများ သိထားသင့်သလဲဆိုတာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ အနာဂတ်အလင်းတန်းဆုံမှတ်က ဒေါ်သက်သက်အောင်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“အခုလိုမျိုးကိစ္စကို လူတော်တော်များများ ပြောကြတယ်။ မုဒိမ်းမှုဆိုတာ တော်တော်ကြောက်စရာကောင်းတဲ့ စွပ်စွဲမှုတခုပေါ့။ လိုက်စုံစမ်းတော့ ဒါ လီဆယ်တိုင်ကြားတာပေါ့။ အဲဒါနဲ့ပတ်သက်လို့ ခံရတဲ့သူရော ဘယ်လိုသက်ရောက်မှုတွေရှိလဲ။ တကယ် ဆင်းရဲနွမ်းပါးပြီး ဥပဒေအရ မတတ်နိုင်တဲ့ အိမ်အကူတွေလည်း ရှိမယ်ပေါ့။ နံပါတ်တစ်ကတော့ ဒီလို တိုင်ကြားမှုတွေကို ဆရာမအနေနဲ့ ဘယ်လိုသုံးသပ်ပါလဲ၊ အဲဒါတွေရဲ့ သက်ရောက်မှုက ဘာတွေရှိလဲ၊ ဆရာမ စပြီး သုံးသပ်ပေးပါ။”

ဒေါ်သက်သက်အောင် (အလုပ်သမားအရေး ဆောင်ရွက်သူ၊ အနာဂတ်အလင်းတန်းဆုံမှတ်)

“ဖြစ်သွားတဲ့ကိစ္စကို ပြန်ကြည့်မယ်ဆိုရင် လီဆယ်တိုင်လိုက်တယ်ပေါ့၊ အဲဒီလို တိုင်လိုက်တယ် ဆိုတဲ့အခါမှာ တဖက်မှာလည်း မြန်မြန်ဆန်ဆန်နဲ့ အမှုမှန်ပေါ်တယ်၊ ဥပဒေအရ အကာအကွယ်ပေးမှုတွေ ရတဲ့အခါကျတော့ လီဆယ်တိုင်ကြားတဲ့သူတွေ အတွက်ကတော့ ထိရောက်တဲ့ ဥပဒေနဲ့ သွားရမယ်ပေါ့။ တဆက်တည်းမှာ ကျမ ပြန်ပြီးစိတ်ပူမိတာကတော့ တကယ်ခံရတဲ့ အိမ်အကူအမျိုးသမီးတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် သူတို့အတွက်ကျတော့ တရားဥပဒေကို လက်လှမ်းမီနိုင်ဖို့ အင်မတန်မှ အလှမ်းဝေးတာကို တွေ့ရတယ်။ အဲဒီအတွက် ကျမ အဓိကပြောချင်တာက အိမ်အကူနဲ့ပတ်သက်ပြီး သီးခြားဥပဒေကို ပြဋ္ဌာန်းပေးနိုင်မယ်ဆိုရင် အိမ်အကူဘက် တဖက်တည်းအတွက် ကျမတို့က ပြောတာမဟုတ်ပါဘူး။ အခုလိုမျိုး ဖြစ်စဉ်တွေမှာဆိုရင် အိမ်ရှင်၊ အလုပ်ရှင်နဲ့ အိမ်အကူနဲ့ကြားမှာ ဥပဒေတွေသာ ပြဋ္ဌာန်းထားမယ်ဆိုရင် နှစ်ဖက် သဘောတူစာချုပ်တွေ ဥပဒေရအရ ချုပ်ဆိုရမယ်။ ဒီကိစ္စကို ကျမ လေ့လာကြည့်တဲ့အခါမှာ ဘာပြန်တွေ့ရလဲဆိုတော့ ပွဲစားရဲ့ အခန်းကဏ္ဍပေါ့။ ထွန်းတောက်ကနေပြီး ကုမ္ပဏီအနေနဲ့ ဒီလိုမျိုးလုပ်နေတယ် ဆိုတဲ့အခါကျတော့ အမှန်တကယ်ဆိုရင် ပွဲစားတွေ၊ အေးဂျင့်တွေအနေနဲ့ သေသေချာချာ မှတ်ပုံတင်ပြီးမှ ဒီလိုမျိုး လုပ်ငန်းလိုင်စင်ရမှသာ လုပ်သင့်တယ်လို့ မြင်တယ်။ အခုလို ပြဿနာဖြစ်လာတဲ့ အခါကျတော့ ဖြစ်လာတဲ့ ပြဿနာပေါ်မှာဆိုရင် အများကြီး နစ်နာတယ်။ မဟုတ်ဘဲနဲ့ ခံရတဲ့သူတွေအတွက်လည်း အရမ်းနစ်နာသလို တကယ့်တကယ် ခံလိုက်ရတဲ့ အိမ်အကူတွေအတွက် ဆိုရင်လည်း နစ်နာဆုံးရှုံးမှုတွေ ရှိတယ်။ အဲဒီအတွက် အိမ်အကူနဲ့ပတ်သက်ရင် သီးခြားဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ လိုအပ်နေပြီလို့ ကျမအနေနဲ့ မြင်ပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာမကတော့ နှစ်ဖက်စလုံးမှာ နစ်နာတဲ့လူတွေလည်း ရှိမယ်၊ အခုလိုမျိုး မတရား လီဆယ်တိုင်ကြားတာရော၊ နောက်ထပ် အရေးကြီးတာက ပွဲစားကဏ္ဍရော၊ ပိုအရေးကြီးတာက အိမ်အကူဥပဒေတခု လိုအပ်တယ်လို့ ပြောသွားတယ်ပေါ့။ ဥပဒေရှုထောင့်ကနေပေါ့။ ကိုယ့်ကို မတရား လီဆယ်အတိုင်ခံရတာမျိုးဆိုရင် ဥပဒေအရ ဘယ်လို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေရှိလဲ၊ ဘာလုပ်သင့်လဲဆိုတာ ဖြည့်စွက်ပြီး ဆရာ ဆွေးနွေးပေးပါဦး။”

ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

“စွပ်စွဲပြီဆိုရင်တော့ ဟုတ်တာ၊ မဟုတ်တာ ထား၊ အမှုကတော့ ဖွင့်လိုက်တာပဲ။ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးတာပေါ့။ တန်းတော့မဖမ်းသေးပါဘူး။ စုံစမ်းစစ်ဆေးမှု စပြီပေါ့။ စုံစမ်းစစ်ဆေးမှု စလိုက်တဲ့အခါမှာ နှစ်မျိုးရှိတယ်။ တချို့ ရဲစခန်းတွေက တန်းဖမ်းတယ်။ စုံစမ်းစစ်ဆေးမှုကို နောက်မှလုပ်တယ်။ တချို့ကျတော့ စုံစမ်းစစ်ဆေးမှုကို အရင်လုပ်ပြီးတော့မှ ဖမ်းတာလည်း ရှိတယ်။ အခုလိုကိစ္စမျိုးမှာ စောစောစီးစီး အဖမ်းခံရမယ်ဆိုရင် နစ်နာတာပေါ့။ ဒါကြောင့် ရဲစခန်းတွေအနေနဲ့ ဒီကိစ္စတွေမှာ အရည်အချင်းပြည့်ဝတဲ့ ရဲတပ်ဖွဲ့ကြီး ဖြစ်ဖို့တော့ ကောင်းတာပေါ့။ အခုဆိုရင် သီဟတင်စိုး အမှုဆိုရင် လက်လွန်ခြေလွန်မဖြစ်ခင် ရဲတပ်ဖွဲ့ကြီးက ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တယ်လို့ မြင်တယ်။ ဒီကိစ္စကြီးမှာ အမှန်တရား ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့ကြီးက ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ တွေ့ပါတယ်။ ကာယကံရှင်ကတော့ အမှုဖွင့်တယ်ဆိုကတည်းက အရေးယူခံရတယ်။ ဒါက သူ့သဘောတရားပဲ။ အဲဒီမှာ ဘာအကာအကွယ်ပေးထားလဲ ဆိုတော့ လောလောဆယ် အမှုဖွင့်ခံရရင် ဘာအကာအကွယ်မှ မရနိုင်ဘူး။ သူ့ဥပဒေသဘောအရ လာတိုင်ရင် ဖမ်းမှာပဲ။ မဟုတ်ဘူးဆိုတော့မှ သူ့ကို ပြန်ပြီး အကာအကွယ် ဝင်လာတာ။ သူက ပြန်ပြီးဖွင့်နိုင်တယ်။ အခုဆိုရင် ဒေါ်ဇင်မာဦးက ဖွင့်လိုက်ပြီ။ ၃၈၉၊ ၁၁၄ နဲ့။ ထောင် ၇ နှစ်ကျနိုင်တဲ့ အမှုဖွင့်လိုက်ပြီ။ မတရားလိမ်လည်ပြီး လုပ်တယ်ပေါ့။ နောက် ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့လည်း တရားပြန်စွဲလို့ရတယ်။ လျော်ကြေးတွေလည်း တောင်းလို့ရတယ်ပေါ့။ ဒါပေမယ့် အဲဒါက နောက်မှလာတာ။ လောလောဆယ်ကတော့ ဒေါ်သက်သက်အောင် ပြောတာကို ကျနော် ထောက်ခံတယ်။ အိမ်အကူတွေနဲ့ပတ်သက်လို့ ဥပဒေတရပ် ပေါ်ထွန်းသင့်တယ်။ အဲဒီတော့မှ အကာအကွယ်ရမှာ။ အိမ်အကူကလည်း မရှိလို့မဖြစ်ဘူး။ ဘယ်လိုအခါမျိုးတွေ မရှိလို့ မဖြစ်လဲဆိုတော့ ဥပမာ နေမကောင်းတဲ့လူတွေ ရှိမယ်၊ ကလေးတွေ များတဲ့အိမ်မှာ၊ အမျိုးသားကလည်း အလုပ်လုပ်ရတယ်၊ ကိုယ်ကလည်း အလုပ်လုပ်ရတယ်၊ အဲဒီလိုအခါမျိုးတွေမှာ မလွဲမသွေ နိုင်ငံတကာမှာလည်း အိမ်အကူတွေက လိုအပ်နေတာပဲ။ ဒါ အလုပ်ကြီးတခုပဲ။ ဝင်ငွေလည်း ကောင်းတယ်၊ အလုပ်လည်း လုပ်ချင်တယ်၊ အိမ်ရှင်တွေကလည်း လိုအပ်တယ်။ ဒီနှစ်ခုစလုံး ဖြစ်နေတဲ့အပေါ်မှာ လုံလောက်တဲ့ ဥပဒေက မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဒီဥပဒေ မြန်မြန်ထွက်သင့်တယ်။ ပွဲစားတွေနဲ့ပတ်သက်လို့ အကျိုးဆောင်လုပ်ငန်းဥပဒေဆိုတာ အခု လုပ်နေတယ်။ လွှတ်တော်မှာ ရောက်နေပြီ။ အကျိုးဆောင်ဥပဒေကတော့ များသောအားဖြင့် အိမ်ခြံမြေတွေနဲ့ အိမ်ရှင်၊ အိမ်ငှားတွေလောက်ပဲ သွားတွေ့တယ်။ အကျိုးဆောင်လုပ်ငန်းဥပဒေမှာလည်း တိုးချဲ့ပြီး အကျိုးဆောင်ဥပဒေထဲမှာ ပါနိုင်မလား ဆိုတာကိုလည်း စဉ်းစားသင့်တယ်။ ဒါ မပါနိုင်တော့ဘူး ဆိုရင်လည်းပဲ အိမ်အကူဥပဒေဟာ သီးခြားကို မရှိလို့မဖြစ်ဘူး။ ပွဲစားတွေနဲ့ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်းမလုပ်ရင် ပိုဆိုးလာလိမ့်မယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013