DVB Logo
Home
မြန်မာသတင်း
ရဲက ပစ်ခတ်၍ သေဆုံးခဲ့ရသည့် ညီအစ်ကို ၂ ဦးအမှု အရေးယူပေးရန် တောင်းဆို
DVB
·
July 25, 2018
ရဲက ပစ်ခတ်၍ သေဆုံးခဲ့ရသည့် ညီအစ်ကို ၂ ဦးအမှု အရေးယူပေးရန် တောင်းဆို
Donate to DVB

ရဲက သေနတ်နဲ့ပစ်လို့ သေဆုံးသွားခဲ့တဲ့ ညီအစ်ကို  နှစ်ဦးရဲ့အမှု ၃ လကျော်ကြာတဲ့အထိ ထူးခြားမှုမရှိတဲ့အတွက် ဖခင်နဲ့ မျက်မြင်သက်သေအချို့က အမှုမှန် ပေါ်ပေါက်ရေးအတွက်   ဇူလိုင် ၂၄ ရက်က မုံရွာမြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှာ  ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီလ ၁၇ ရက်က အရပ်ဝတ် ရဲတပ်ဖွဲ့ တယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဆိုင်ကယ်စီးနေတဲ့ ညီအစ်ကို နှစ်ယောက် ဦးခေါင်းပွင့်ထွက် ဒဏ်ရာတွေနဲ့ နေရာတင် သေဆုံးခဲ့တာပါ။

သေဆုံးသွားသူ ညီအစ်ကို နှစ်ယောက်ရဲ့ ဖခင် ဦးလှမိုးက “ဒီနေ့အချိန်ထိ ဟုမ္မလင်း ရဲစခန်းက နှစ်ကြိမ်ပဲ ခေါ်စစ်သေးတယ်။ တရားရုံးလည်း တခါမှ မသွားရသေးဘူး။ ခေါ်လည်း မခေါ်သေးဘူး။ သူတို့ဘက်က မျက်မြင်သက်သေတွေကိုပဲ ခေါ်ခေါ်စစ်နေတယ်။ ဖြစ်စဉ်မှာ ရဲအုပ် တယောက်၊ ဒုတပ်ကြပ် တယောက်နဲ့ ရဲသတင်းပေးဆိုသူ နှစ်ယောက်ပါတယ်။ ဒါပေမယ့် ပစ်ခဲ့တဲ့ ရဲဒုတပ်ကြပ်ကိုပဲ ခန္တီးထောင်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်။ ကျန်တဲ့သူတွေက လွတ်နေတယ်။ နောက်ပြီး ဒီကိစ္စကို ကျနော်ကိုယ်တိုင် တရားလိုလုပ်ပြီး လေးယောက်လုံးကို အရေးယူပေးဖို့ တိုင်ပေမယ့် အမှုကို လက်မခံဘူး။ သူတို့ ဖွင့်ထားပြီးပြီပဲ ပြောတယ်။ ကလေး နှစ်ယောက်သာ သေသွားတယ်။ ဘာတာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ အမှုကလည်း ဘာမှန်း မသိဘူး။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာပါ”လို့ ပြောပါတယ်။

သေဆုံးသူတွေက ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့၊ လောင်းမင်းကျေးရွာအုပ်စု၊ စာဖာကျေးရွာက အသက် ၂၂ နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်နဲ့  အသက် ၂၀ အရွယ် မောင်နေလင်းအောင် တို့ ဖြစ်ပါတယ်။

ရွှေမှော်ကအပြန် ရွှေပြည်အေးမြို့ကို ခဏဝင်ရာမှာ လူငယ်ချင်း စကားများခဲ့ပြီး ရွာကိုအပြန်မှာ ဘယ်ကောင်မှ ဂရုမစိုက်ဘူး။ သတ္တိရှိတဲ့ကောင် လိုက်ခဲ့လို့ အော်ဟစ်ပြီး မောင်းနှင်သွားစဉ် ရန်ပွဲထိန်းဖို့ အရပ်ဝတ်နဲ့ရောက်လာတဲ့ ရဲ နှစ်ယောက်နဲ့ ရဲသတင်းပေး ဆိုသူ နှစ်ယောက်က ဟန့်တားပြီး ၂၅ ပေခန့်အကွာမှာ ဆိုင်ကယ်ရပ် နောက်လှည့်ကြည့်စဉ် ရဲကင်းမှူး ရဲအုပ်ယဉ်ထွေးက ပစ်မိန့်ပေးလို့ ရဲဒုတပ်ကြပ် ခိုင်ဇာထွန်းခေါ် ရခိုင်က အသင့်ပါလာတဲ့ သေနတ်နဲ့ အရပ်ဝတ် တယောက်က ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

သေနတ်ဒဏ်ရာကြောင့် ဆိုင်ကယ် လဲကျသွားပြီး ဆိုင်ကယ်နောက်က လိုက်ခဲ့တဲ့ အစ်ကိုဖြစ်သူ မောင်ပြည့်ဖြိုးအောင်မှာ နေရာတင် သေဆုံးခဲ့ပြီး၊ ညီဖြစ်သူ မောင်နေလင်းအောင်ကတော့ ၁ နာရီခန့်အကြာမှ သေသွားခဲ့တယ်လို့ ဆိုပါတယ်။

မသေခင် ဆေးရုံပို့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အရပ်ဝတ်တွေက ဟန့်တားထားလို့ ပို့ခွင့်မရခဲ့သလို အလောင်းကိုလည်း ဆေးရုံကို မပို့ဘဲ ည၈ နာရီမှ ရဲတပ်ဖွဲ့အင်အားနဲ့ ဟုမ္မလင်းမြို့ကို ပို့ခဲ့ရတာလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တာဝန်ရှိ ရဲအရာရှိတွေက တာဝန်ယူတယ်လို့ ပြောခဲ့ပေမယ့် ဘာမှဆောင်ရွက်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး ကာယကံရှင်တွေက ဆေးစာကိုလည်း ကြည့်ခွင့်မရသေးဘဲ လူသတ်မှုနဲ့သာ အမှုဖွင့်ထားတယ်လို့သာ မြို့နယ်ရဲမှူးက ဖြေဆိုထားပါတယ်။

ကလေးတွေကို M 16 အမျိုးအစား သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး အမိန့်ပေးသူနဲ့ ပူးပေါင်းပါဝင်သူတွေကတော့ ခုချိန်ထိအရေးယူခံရတာ မရှိသေးပါဘူး။ ဒါ့အပြင် ပစ်မိန့်ပေးခဲ့တယ်ဆိုတဲ့ ရဲကင်းမှူး ရဲအုပ်ယဉ်ထွေးကတော့ ဟုမ္မလင်းမြို့မရဲစခန်းမှာ စခန်းမှူးရာထူးနဲ့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကတော့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ညီအစ်ကို နှစ်ယောက် သေဆုံးသွားတဲ့အတွက် ကျန်တဲ့မိသားစုဝင်တွေ စီးပွားရေး၊ စားဝတ်နေရေး ခက်ခဲသွားပြီး ရွာက ရပ်က ဝိုင်းဝန်းထောက်ပံ့နေရပါတယ်။ မိခင်ဖြစ်သူမှာလည်း သားနှစ်ယောက် သေဆုံးသွားတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရပြီး မကြာမကြာ ဆေးခန်းပြနေရသလို ညီမအငယ်ဆုံးကလည်း ဒီနှစ် တက္ကသိုလ်ဝင်တန်းတက်ရမှာဖြစ်ပေမယ့် မိသားစုဝင်ငွေ မရှိတော့တဲ့အတွက် ကျောင်းမတက်နိုင်ဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေအတွက် သင်္ဂြိုလ်ဖို့ ခရိုင်ရဲတပ်ဖွဲ့မှူးက သင်္ဂြိုဟ်စရိတ် ကျပ် ၁၀ သိန်း ထောက်ပံ့တာကလွဲရင် နောက်ထပ် ဆက်သွယ်တာ မရှိတော့ဘူးလို့ ဦးလှမိုးက ပြောပါတယ်။

ဒီကိစ္စကို နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေထိ တင်ပြထားပြီး ထူးခြားမှုမရှိသေးလို့ နောက်ထပ်လည်း တင်ပြသွားဖို့ ရှိနေပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ တရားဥပဒေအတိုင်း အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးစေချင်သလို ထိုက်သင့်တဲ့ နစ်နာကြေးတွေကိုလည်း ရစေချင်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013