
အနည်းဆုံး လုပ်အားခကြေးငွေ ကျပ် ၄၈၀၀ သတ်မှတ်ပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ် တောင်းဆိုတဲ့ အငြင်းပွားမှုတွေထဲမှာ အရင်က ပေးထားတဲ့ ခံစားခွင့်တွေကို ဖြတ်တောက်လိုက်တာကြောင့် တောင်းဆိုကြတာ အများဆုံး ဖြစ်နေတယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ကပြောပါတယ်။
အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ကို ၂၀၁၈ မေလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ဆန္ဒပြတောင်းဆိုမှုတွေ ဆက်ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင် ဒေါ်ခိုင်ဇာအောင်က “အငြင်းပွားမှုတွေကတော့ ၄၈၀၀ ပေးပြီး တခြားခံစားခွင့်တွေ လျှော့ချ၊ ဖြတ်တောက်လိုက်တာတွေက များတယ်။ အဲ့ဒီ့ အငြင်းပွားမှုတွေကတော့ အခု ပြေလည်သွားတာ များနေပါပြီ” လို့  ပြောပါတယ်။
၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ၊ ပုဒ်မ၁၄ မှာ အနည်းဆုံးအခကြေးငွေ မသတ်မှတ်ခင်က ရထားတဲ့ ခံစားခွင့်တွေကို အလုပ်သမားတွေအနေနဲ့ ဆက်လက် ခံစားခွင့်ရှိပြီး ဖြတ်တောက်တာမျိုး မလုပ်ဖို့  ပြဋ္ဌာန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီ၊အလုပ်သမား ကိုယ်စားလှယ် ဦးရဲဝင်းထွန်းက “ဥပဒေမှာ ပြဋ္ဌာန်းထားတာက အနည်းဆုံးအခကြေးငွေ မသတ်မှတ်ခင်က ခံစားခွင့်တွေကို ဆက်ခံစားခွင့်ပြုပါတယ်။ အခုကတော့ တခြားခံစားခွင့် တွေကို ဖြတ်ပြီး ပေါင်းထည့်လိုက်တော့ အလုပ်သမားက တိုးပေးတဲ့ အခကြေးငွေကို ခံစားခွင့် မရတော့သလို ဖြစ်သွားတယ်” လို့  ပြောပါတယ်။











