ထိုင်းအသံအမတ်ဟောင်း၏ ပြောဆိုချက်မမှန်ကန်ဟု ရခိုင်အကြံပေးအဖွဲ့ခေါင်းဆောင် ဆူရာကီရတ်တုံ့ပြန်

မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိလို့ ရခိုင်အရေး အကြံပေးအဖွဲ့ကနေ နုတ်ထွက်တယ်ဆိုတဲ့ ထိုင်းသံအမတ်ဟောင်း ကိုဆက်ချူတီကူးရဲ့ ပြောဆိုချက်ဟာ မှန်ကန်မျှတမှုမရှိဘူးလို့ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဆူရာကီရတ်က ပြောပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့နဲ့ ခေါင်းဆောင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီရတ် ဆတ်သီယာထိုင်းက ကြေညာချက်ထုတ်ပြန် ပြော လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်တွေနဲ့အညီ ရခိုင်ပြည်နယ်မှာ တိုးတက်မှုတွေ ရှိနေကြောင်း၊ မြန်မာအစိုးရဟာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ တင်ပြထားတဲ့ အချက် ၈၈ ချက်ထဲက အချက် ၆၀ ကျော်ကို အကောင်အထည် ဖော်ပြီးကြောင်း ကြေညာချက်မှာ ပြောပါတယ်။
ဒါ့အပြင် အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက အကောင်အထည် ဖော်ထားပြီးသား ကိစ္စတွေကိုလည်း ပြည်တွင်းနဲ့ နိုင်ငံတကာ ဘက်ပေါင်းစုံ အစည်းအဝေးတွေမှာ ကောင်းစွာ အသိအမှတ်ပြုပြီးလို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်က ပြဿနာတွေကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့အတွက် အချိန်ယူရဦးမှာဖြစ်ပြီး အကြံပေးအဖွဲ့ကလည်း ရှေ့ဆက်လုပ်ဆောင်ရဦးမယ့် အဆင့်တွေ အတွက် အကြံပြုချက်အတော်များများကို မြန်မာအစိုးရကို ဆက်လက် အဆိုပြုသွားရဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မှာ ကိုဖီအာနန်နဲ့အတူ ရခိုင်ပြည်နယ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ဖို့ တာဝန်ပေးခဲ့သလို ရခိုင်ပြည်နယ်ကိစ္စ ရပ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ သံအမတ်တွေ၊ တခြားသက်ဆိုင်သူတွေနဲ့ တွေ့ဆုံဖို့ ရန်ကုန်ကို သွားရောက်ပေးဖို့နဲ့ ကော့ဘဇားမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့လည်း ကိုဆက်ချူတီကူးကို တာဝန်ပေးခဲ့ကြောင်း သူ စွပ်စွဲထားသလို ခရီးတွေပဲ ကျယ်ကျယ်ပြန့်ပြန့် သွားနေတာ မဟုတ်ဘူးလို့ ဒေါက်တာ ဆူရာကီရတ်က ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပါတယ်။
ကိုဆက်ချူတီကူးဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့မှ အတွင်းရေးမှူးရဲ့ အကြံပေး ပုဂ္ဂိုလ်သာဖြစ်ပြီး၊ အတွင်းရေးမှူးဟာ ထမ်မာဆတ်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ နာ့တ်နီရုံဂျန်းဂမ် ဖြစ်တယ်လို့ ဆိုပါတယ်။
အကြံပေးအဖွဲ့ဝင် ၉ ယောက်လုံးဟာ မြန်မာအစိုးရဆီက ဘာလုပ်ခလစာကိုမှ မယူထားဘူးလည်း ဆူရာကီရက်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြဿနာကို အဖြေရှာနိုင်ဖို့ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။
ကော်မရှင်ကနေ အစီအရင်ခံစာထုတ်ပြန်ခဲ့ပြီး ရရှိလာတဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ အကောင်အထည် ဖော်ဆောင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
ဒေါက်တာ ဆူရာကီရတ်ခေါင်းဆောင်တဲ့ အကြံပေးအဖွဲ့ရဲ့ တာဝန်ကတော့ ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို အကြံပေးဖို့ ဖြစ်ပါတယ်။











