DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်း မြစ်ရေကြီးမှု အခြေအနေ ဆိုးရွားနေ
DVB
·
July 24, 2018
ကရင်ပြည်နယ်အတွင်း မြစ်ရေကြီးမှု အခြေအနေ ဆိုးရွားနေ
1 / 9
Donate to DVB

ဘားအံမြို့နယ်

သံလွင်မြစ်ရေတက်မှုကြောင့် ဇူလိုင်၂၁ ရက်နေ့ကတည်းကစပြီး လှာကာကျေးရွာ အပါအ၀င် မြို့တွင်းမှာ ကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်လှစ်ထားပြီး လက်ရှိအချိန်ထိ လူပေါင်း ၅၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ရေကြီးမှုကြောင့် ဘားအံမြို့မှာ ရပ်ကွက် ၁၊ ၂၊ နဲ့ ၅ တွေမှာရေကြီးရေလျှံနေပြီး  မြို့နယ်တခုလုံးမှာ စာသင်ကျောင်းပေါင်း ၂၀ လောက် ပိတ်ထားတယ်လို့ မြို့နယ်ဒု အထွေထွေအုပ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်း က ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်

မိုးအဆက်မပြတ်ရွားသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်မှာ ဇူလိုင် ၂၀ ရက်ကတည်းက ရေကြီးရေလျှံခဲ့ပြီး လမ်းတံတားတွေ ရေကျော်နေတဲ့အတွက် သွားလာရေး အခက်အခဲရှိတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် အန်အယ်ဒီပါတီပြောခွင့်ရသူ ဦးထိန်လင်းက ပြောပါတယ်။  

“ ရေကြီးတာက ကြာအင်းဆိပ်ကြီးမြို့ပေါ်ရပ်ကွက် အမှတ် ၆ ရပ်ကွက် အနိမ့်ပိုင်းမှာတော့ အိမ်ခြေ ၆၀ ကျော် ရေ၀င်လို့ ရေဘေးသင့်ဒဏ်ခံစားနေရတယ်။ နောက် ဘုရားသုံးဆူ- ကြာအင်းဆိပ်ကြီး ချောင်းဝတံတားရေလွှမ်းသွားပြီ။ ရေလွှမ်းသွားလို့ အရင်နေ့တွေက ကားတွေဖြတ်လို့မရတော့ဘူး။ အခုကျတော့ ၀ါးဖောင်နဲ့ ကားငယ်တွေနဲ့ကူးပြီးတော့ တဖက်ကို ရောက်ရင် ဘယ်ပဲသွားသွား သွားလို့ရပြီ။ ကြာအင်းဆိပ်ကြီးနဲ့ သံပရာ အကြားမှာတော့ သင်္ဃန်းချောင်းတံတား ရေလွှမ်းနေလို့  အနိမ့်ကားရော၊ အမြင့်ကားရော သွားလို့မရတော့ဘူး။ ”

လက်ရှိ မိုးတွေဆက်ရွာနေတဲ့အတွက် တရက်ကို ရေ တပေလောက်တိုးနေတယ် လို့လည်း ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်

လှိုင်းဘွဲ့မြို့နယ်မှာတော့ ရပ်ကွက် ၄ ခုရှိရာ ရပ်ကွက်အားလုံးရေလွှမ်းခဲ့ရာကနေ ဒီကနေ့ ရပ်ကွက် တချို့ရေကျသွားပြီလို့ ကယ်ဆယ်ရေးစခန်းမှာ သွားရောက်ခိုလှုံနေသူ တချို့ အိမ်ပြန်ကြပြီလို့ လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောပါတယ်။

ရေကြီးမှုကြောင့် မနေ့က သစ်တောဝန်ထမ်းတဦး  ဆိုင်ကယ်ရောလူပါ ရေထဲ မျောသွားခဲ့ရာ ဒီကနေ့အလောင်းတွေ့ရှိပါတယ်။

ရေကြီးမှုစဖြစ်တဲ့ ဇူလိုင် ၂၀ ရက်နေ့လောက်ကတည်းက ကျောင်းတွေအားလုံးပိတ်ထားရပြီး  ရေပြန်ကျချိန်မှာ ပြန်လည်ဖွင့်ဖို့ ရှိနေပါတယ်။

ကာ့ကရိတ်မြို့နယ်

ကော့ကရိတ်မြို့နယ်မှာတော့ အခုလ ၂၀ ရက်ကတည်းက  ဂျိုင်းချောင်းရေကြီး တဲ့အတွက် မြ၀တီ-ဘားအံ သွားလာမှုတွေ ပိတ်ဆို့နေတယ်လို့ ကော့ကရိတ်မြို့ခံ မန်းသိန်းဇော်က ပြောပါတယ်။

“ဂျိုင်းတံတားမှာတော့ အပြည့်ပဲ။ ကော့ကရိတ်ဘက်ခြမ်းမှာတော့ ယာဉ်တန်းတွေ ပိတ်ဆို့တယ် လမ်းသွားလမ်းလာတွေ နောက်နှေး ကြံ့ကြာမှုတွေဖြစ်တယ်။ တန်ပိုယာဉ်တွေက လည်း တံတားကြီးပေါ်ကနေ ဖြတ်သွားလို့မရဘူး။ ဘောတံတားကနေ သွားဖို့ကလည်း ရေတ အားကြီးလာတယ်။ ဘောတံတားကလည်း ပေါက်ပြဲတာတွေရှိတဲ့အတွက် ထွက်လို့မရဘူး။ တံတားပေါ်မှာလည်း ယာဉ်ကြီးယာဉ်ငယ်တွေ ပိတ်ဆို့ပြီးတော့မှ ညကတော့ တညတာ အိပ်စက်ရတယ်။ ဒါက ဒုတိယအကြိမ်ပေါ့။ အခုချိန်ထိ ကားတွေက ဟိုဘက်ဒီဘက် သွားလာလို့မရသေးတဲ့အခြေအနေမှာရှိတယ်။ ဘားအံဘက်ကလာရင် ဂျိုင်းတံတားကနေ ကျားကလေး ထိပ်အထိက ကားတွေ တန်းစီပြီး နေနေရတယ်။ ”

ဒ့ါအပြင် ကော့ကရိတ်ဘက်နေ ကျုံဒိုးအထိ ကားတွေ လမ်းဘေးဝဲယာရပ်တန့်နေရသလို  ကျုံဒိုးအထွက် ခမရ ၅၄၇၊ ၅၄၈ တပ်ရင်းနေရာအနီးမှာ ရေကြီးရေလျှံနေတယ်လို့လည်း ပြောပါတယ်။

ကော့ကရိတ်မြို့မှာတော့ လတ်တလော ရေမကြီးသေးပေမယ့် မိုးဆက်တိုက်ရွာ နေရင်တော့ ရေကြီးဖို့ အလားအလာရှိတယ်လို့လည်း ပြေပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းက လယ်မြေတွေမှာတော့ ရေကြီးနစ်မြုပ်မှုတွေဖြစ်နေပြီး မိုးဆက်ရွာလို့ ရေတွေ ထပ်ကြီးမယ်ဆိုရင် စိုက်ပျိုးပြီးသား လယ်တွေ ပျက်စီးမယ့်အလားအလာ ရှိတယ်လို့လည်း  ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကရင်ပြည်နယ်အတွင်း မြစ်ရေကြီးမှု အခြေအနေ ဆိုးရွားနေ