
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာမှာ ဆီထွက်သီးနှံဖြစ်တဲ့ မျိုးကောင်းမျိုးသန့် မြေပဲစိုက်ပျိုးစေဖို့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းက တာဝန်ရှိသူတွေက ဒေသခံ တောင်သူတွေနဲ့ ဇူလိုင် ၂၃ ရက်ကတွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုး က "အဓိက ရည်ရွယ်တာက စိုက်ပျိုးရေးတွေ အောင်မြင်လာဖို့ပါပဲ၊ အောင်မြင်လာရင် ပြည်တွင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မြေပဲဆီ ၊ နှမ်းဆီ၊ နေကြာဆီတွေ ကို သင့်တင်တဲ့ဈေးနဲ့ ရရှိဖို့ပါပဲ။ ပြည်တွင်းထွက်ဆီ မလုံလောက်တော့ ပြည်ပကနေ တနှစ်ကို စားအုန်းဆီ တန်ချိန် ၁ သန်းနဲ့ မွေးမြူရေးအစာ တန်ချိန် ၅ သိန်း တင်သွင်းနေကြရတယ်။ ဒီလို ကုန်ကျမှုတွေ သက်သာစေဖို့ နဲ့ စိုက်ပျိုးရေးတွေ အောင်မြင်လာရင် SME စတဲ့ ဆီစက်လုပ်ငန်းတွေ အောင်မြင်လာမယ်။ လက်ရှိဖြစ်နေတာက မြန်မာနိုင်ငံက ဆီစက်လုပ်ငန်းရှင်တွေ စက်လည်ပတ်မှုမရှိတာ ၉၀ ရာခိုင်နှုန်းလောက်ဖြစ်နေပြီ၊ မွေးမြူရေးလုပ်ငန်းတွေမှာ အသား ငါး နို့ ဥ စတဲ့ ထုတ်လုပ်ရေးတွေမှာပါ ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်တဲ့အတွက် မျိုးကောင်းမျိုးသန့် မြေပဲများ စိုက်ပျိုးစေဖို့ ဒေသခံ တောင်သူတွေနဲ့ တွေ့ဆုံတာ”လို့ ဒီဗွီဘီ ကို ပြောပါတယ်။
မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်လုပ်တဲ့ ဆင်း ပဒေသာ (၁၁) မျိုးကောင်းမျိုးသန့် မြေပဲကို၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းနဲ့ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်သူတွေထံ ဖြန့်ချိ ရောင်းချနေတာလည်း ဖြစ်ပါတယ်။
နွားထိုးကြီးမြို့နယ် မြဝတီကျေးရွာနေ တောင်သူ ဦးခင်မောင်လင်းက "အရင်တုန်းကတော့ ပဲစင်းငုံကို စိုက်ပျိုးခဲ့တာ။ အခု မြေပဲအထွက်နှုန်းကောင်းတယ်ဆိုလို့ ဆင်း ပဒေသာ (၁၁) ကို ဒီနှစ်စပြီး စိုက်ပျိုးထားတယ်။ အထွက်နှုန်းကောင်းရင်တော့ ဒီမျိုးကိုပဲ ဆက်ပြီးစိုက်သွားမှာပါ” လို့ဆိုပါတယ်။
တွေ့ဆုံပွဲကို မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်လင်းနဲ့ တာဝန်ရှိသူတွေနဲ့ စိတ်ဝင်စားသူ တောင်သူ (၁၀၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။
မြင်းခြံခရိုင် (၄) မြို့နယ်မှာတော့ မြေပဲစိုက်ဧက ၉ သောင်းကျော်ရှိကာ၊ ၁ ဧကကို မြေပဲထွက်နှုန်း တင်း ၅၀ သတ်မှတ်ထားပြီး၊ မြေပဲစိုက် ရာသီမှာ မြေပဲ တင်းပေါင်း ၄၅ သိန်းကျော် ထွက်ရှိမယ်လို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။
သတင်း - ရီရီထွန်း ( မြင်းခြံ )










