DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတန်းလျား မီးလောင်၊ လူ ၁၀၀ ကျော် မီးဘေးသင့်
DVB
·
July 24, 2018
ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတန်းလျား မီးလောင်၊ လူ ၁၀၀ ကျော် မီးဘေးသင့်
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဆဒေါင်းမြို့၊ ဟတ်ယိုင်နယ်မြေ ထုန့်မော်အုပ်စုရှိ GROB HOLZ ကုမ္ပဏီသစ်ထုတ်လုပ်ရေး စက်ရုံဝင်းထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ရက် မနက် ၈ နာရီခွဲလောက်က  အလုပ်သမား တန်းလျား မီးလောင်ပြီး လူ ၁၀၀ ကျော် မီးဘေးသင့်ခဲ့ပါတယ်။

အဆိုပါ အလုပ်သမားတန်းလျားမှာ အခန်းပေါင်း ၁၀၀ ကျော်ရှိတဲ့အနက် ၆၂ ခန်း မီးလောင် ပျက်စီးသွားကြောင်း၊ ဒဏ်ရာ ရသူ ၅ ဦးနဲ့ အလုပ်သမား ၁၀၀ ကျော် မီးဘေးသင့်ကာ စာရွက်စာတမ်း အထောက်အထား၊ အိပ်ရာ၊ အဝတ်အစား ကိုယ်ပိုင်အသုံးအဆောင်နဲ့ စုထားတဲ့ ငွေတချို့ စုစုပေါင်း ဘတ် ၉၀၀၀ ခန့်လည်း မီးထဲပါသွားတယ်လို့ မီးလောင်ရာကို သွားရောက်ကြည့်ရှုခဲ့သူ MWRN ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ ဟတ်ယိုင်တာဝန်ခံ ကိုဘရီက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့တန်းလျားက သစ်သားဟောင်းတွေနဲ့ ဆောက်ထားပြီး သွပ်မိုးတယ်။ ၀ါယာရှော့ဖြစ်ပြီး လောင်တာလို့လည်း ပြောပါတယ်။ သစ်သားတွေက အဟောင်းဆိုတော့ မီးကပိုပြီး အလောင်မြန်တယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်အတွင်းမှာပဲ အကုန်လောင်သွားတယ်။ တရုတ်သူဌေးပိုင်တဲ့ သစ်စက် အလုပ်သမားတွေပါ။ သူတို့က တနင်္ဂနွေလည်း အလုပ်ဆင်းတယ်၊ မီးလောင်တဲ့အချိန် အကုန် လုပ်ငန်းခွင်ထဲ ရောက်နေလို့   အခန်းထဲက ပစ္စည်းတွေယူဖို့ အချိန်မရဘူး။ အရေးကြီး စာရွက်စာတမ်း အထောက်အထား ပြန်လာယူတဲ့ အလုပ်သမား ၄၊ ၅ ယောက် နည်းနည်းပါးပါး ဒဏ်ရာရသွားတယ်။ အကုန်လုံး ပတ်စပို့တွေ၊ အလုပ်သမားကတ်၊ အထောက်အထားတွေ မီးထဲပါသွားတယ်။ ပိုက်ဆံတွေလည်း ပါတယ်။ ၉ ထောင်ကျော်လို့ ပြောတာဘဲ။ တချို့က ရွှေထည် လက်ဝတ်လက်စားတွေ ပါသွားလို့ မီးငြိမ်းသွားတော့ ပြာပုံထဲ လိုက်ရှာနေကြတယ်။”

မီးဘေးသင့်သူတွေအတွက် အလုပ်ရှင်သူဌေးက နေစရာ ၃ နေရာ၊ အမျိုးသား ၂ နေရာ၊ အမျိုးသမီး ၁ နေရာ စုနေကြဖို့ စီစဉ်ပေးပြီး လောလောဆယ် အသုံးစရိတ် တဦးကို ဘတ် ၃ ထောင်စီနဲ့ စုပြီး ချက်ပြုတ်စားသောက်ဖို့ အိုးခွက်ပန်းကန်တွေလည်း စီစဉ်ပေးနေပါတယ်။

မီးထဲပါသွားတဲ့ အလုပ်သမားကတ် ပတ်စပို့တွေ ပြန်ရအောင်လည်း အလုပ်ရှင်က သက်ဆိုင်ရာတွေဆီ အကြောင်းကြားထားပါတယ်။

အဆိုပါ သစ်ထုတ်လုပ်ရေးကုမ္ပဏီဟာ ပြီးခဲ့တဲ့ မေလကလည်း ဗီယက်နမ်နိုင်ငံမှာ ဖွင့်ထားတဲ့ အလုပ်သမားပေါင်း ၃၀၀၀ ကျော်ရှိ သစ်ထုတ်စက်ရုံမှာလည်း မီလောင်ခဲ့သေးတယ်။

ဓာတ်ပုံ - MWRN ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013