
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ ATM ငွေထုတ်စက် ဖျက်ဆီးပြီး ငွေတွေခိုးယူဖို့ ကြံစည်ခဲ့တဲ့ လူငယ် ၅ ဦးကို ၂၄ နာရီအတွင်း ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ ညနေ ၅ နာရီလောက်က ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် သီရိမြိုင်လမ်းမကြီးဘေး အ.ထ.က ၇ ဝင်းအတွင်းထားရှိတဲ့ KBZ ပိုင် ATM ငွေထုတ်စက် မော်နီတာ၊ တံခါး၊ CCTV တွေ ဖျက်ဆီးခံရတာပါ။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းခဲ့ရာ ဓနသိဒ္ဓိရပ်ကွက်အတွင်း မသင်္ကာဖွယ်တွေ့ရှိသူ အသက် ၁၅ နှစ်အရွယ် ညီညီလွင် အပါအ၀င် လူငယ် ၅ ဦးကို အမှတ်-၃ နယ်မြေရဲစခန်းမှာ ခေါ်ဆောင်စစ်ဆေးခဲ့ရာ ATM ငွေထုတ်စက်အား ဖျက်ဆီးပြီး ငွေတွေ ခိုးယူရဖို့ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ATM ငွေထုတ်စက် ဖျက်ဆီးခဲ့တဲ့ ညီညီလွင် အပါအ၀င် လူငယ် ၅ ဦးကို အမှတ်-၃ နယ်မြေရဲစခန်း (ပ) ၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၁၁ (ခိုးမှုကျူးလွန်ရန် ကြံစည်မှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။











