
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မကျီးပင်ကျေးရွာမှာ ဇူလိုင် ၂၃ ရက်နေ့ ညနေ ၅ နာရီလောက်က အိမ်သာကျင်းတူးဖော်ရာမှ ဗုံးသီးအဟောင်း ၁ လုံးတွေ့ရှိခဲ့တယ်လို့ မင်းဘူး မြို့မရဲစခန်းက ပြောပါတယ်။
မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းက "သွားရောက်စစ်ဆေးတော့ မကျီးပင်ရွာ ဦးဇော်လင်းဦး နေအိမ်ဝိုင်းအတွင်း မြောက်ဘက် ခြံစည်းရိုးနားကပ်ပြီးတော့ အိမ်သာ ကျင်းတူးဖော်ရာကနေ အနက် ၄ ပေ အရောက်မှာ အလျား ၂၂ လက်မခန့်၊ လုံးပတ် ၂၀ လက်မခန့်ရှိတဲ့ ဗုံးသီးဟောင်း ၁ လုံး တွေ့ရှိခဲ့ကြောင်း ပြောပြတဲ့အတွက် ရဲစခန်းသို့ သိမ်းဆည်း ယူဆောင်လာပြီး အမှတ် ၉၁၀ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းကို အကြောင်းကြားခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးသီးဟောင်းအား ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းက မကွေးအခြေစိုက် အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီး မင်းသူနဲ့အဖွဲ့၊ အမှတ် ၈၈ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးထွန်းဦးတို့အဖွဲ့က လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး











