
ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ အဆိုတော် မိုရီဆာ ကီဝင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတိမြေ - My Country My Home ရုပ်ရှင်ဟာ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကြည့်ရှုသူ တသန်းနီးပါးရှိနေခဲ့ပါတယ်။
ဒီကားဟာ ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် ပုံဖော်ရိုက်ကူးပေးထားတဲ့ ဇာတ်ကား တကားဖြစ်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာ မြန်မာပရိတ်သတ်တွေ ရင်းနှီးပြီးဖြစ်တဲ့ မိုရီဆာကီဝင်းနဲ့အတူ မြန်မာ နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အကယ်ဒမီ ရန်အောင်၊ အောင်ရဲလင်းနဲ့ အ ကယ်ဒမီ ၀တ်မှုန်ရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။
ဇာတိမြေဇာတ်ကားဟာ ရှစ်လေးလုံးအရေးတော်ပုံအပြီး ဂျပန်နိုင်ငံကို ထွက်ခွာ သွားတဲ့ မိသားစုတစ်စုရဲ့အကြောင်းကို အခြေတည်ရိုက်ကူးထားတာမို့ ဒီဇာတ်ကားရဲ့ ၇၀ ရာခိုင်နှုန်း လောက်ကို ဂျပန်နိုင်ငံမှာ သွားရောက်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံအပြီး နောက်ပိုင်းကာလတွေမှာ ပြည်သူတွေ ဘယ်လို ခံစားခဲ့ရသလဲ၊ ပြည်ပကို ထွက်ခွာသွားတဲ့ ပြည်သူတွေအနေနဲ့ နေရပ်ကို ဘာကြောင့် ပြန်လာခွင့်မရကြသလဲ ဆိုတာတွေကို နိုင်ငံရေးဇာတ်ကားတစ်ကား အဖြစ် အသားပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဂျပန်မှာလည်း နာမည်ကြီးအဆိုတော်တဦးအဖြစ် အောင်မြင်နေတဲ့ အ၀င်းလို့ သိကြတဲ့ မိုရီဆာကီဝင်းက ဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းကို သီဆိုပေးထားခဲ့ပြီး ဂျပန်-မြန်မာ စကားပြောတွေနဲ့ သရုပ်ဆောင်မှုတွေကိုလည်း ရှုစားကြရမှာမို့ ပရိတ်သတ်တွေက စောင့်ကြည့်သင့်တဲ့ ဇာတ်ကားတကားပါပဲ။
ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့တာဖြစ်ပြီး မြန်မာပရိတ်သတ်တွေနဲ့ ပါဝင်တဲ့ သရုပ်ဆောင်တွေ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြတာပါ။
ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာတွေမှာ ရိုက်ကူးထားခဲ့တဲ့ ရှုခင်းရှု ကွက်တွေနဲ့ ရှုစားကြရမယ့် ဒီဇာတ်ကားကိုတော့ လာမယ့် ဇူလိုင်လ ၂၇ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။










