DVB Logo
Home
မြန်မာသတင်း
ရေသန့်လုပ်ငန်းများ အရှုံးပေါ်နေသဖြင့် ရေသန့်ဈေး သတ်မှတ်ပေးရန် တောင်းဆို
DVB
·
July 23, 2018
ရေသန့်လုပ်ငန်းများ အရှုံးပေါ်နေသဖြင့် ရေသန့်ဈေး သတ်မှတ်ပေးရန် တောင်းဆို
Donate to DVB

သန့်စင်တဲ့ သောက်ရေရအောင် စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်ထားတဲ့  ရေသန့်လုပ်ငန်းတွေ အရှုံးရှိလာတဲ့အတွက် ရေသန့်ဈေးတွေ သတ်မှတ်ပေးဖို့ ရေသန့်လုပ်ငန်းရှင်များအသင်းက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်လာတာနဲ့အတူ ရေအရင်းအမြစ်ကလွဲလို့ နိုင်ငံခြား သွင်းကုန်ပစ္စည်းတွေပေါ်မှာ အခြေပြု စံချိန်စံညွှန်းနဲ့ ထုတ်လုပ်ရတဲ့ ရေသန့်လုပ်ငန်းတွေ ရပ်တည်ရ ခက်ခဲလာပါတယ်။

ဒီအတွက် သောက်ရေသန့် အရည်အသွေးကို မထိခိုက်ဘဲ စံချိန်စံညွှန်းအတိုင်း ဆက်လက်ထုတ်လုပ်နိုင်ဖို့ ရေသန့်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးမှာ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံ ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်က “သူတို့က ရှုံးနေတဲ့အတွက် လုပ်ငန်းကို စွန့်ပစ်ချင်လာကြတယ်။ အထည်ချုပ်လုပ်ငန်းတွေမှာဆိုလည်း အလုပ်သမား စရိတ်တွေကလည်း ကြီးလာတယ်။ အထွေထွေကုန်ကျစရိတ်တွေကလည်း မြင့်တက်လာတဲ့အခါမှာ သူတို့ လုပ်ငန်းတွေ ဖြုတ်ပြီး ပြန်ကုန်ကြတယ်။ အဲဒီလိုပဲ ရေသန့်မှာလည်း တဖြည်းဖြည်း စဖြစ်လာကြပြီ။ အသင်းကလည်း အာဏာပိုင်အသင်း မဟုတ်တဲ့အခါကျတော့ ရေသန့်တွေကို သတ်မှတ်တဲ့ နှုန်းထားတခု သတ်မှတ်ပေးပါ။ အနိမ့်ဆုံး ၅၀၀ ရောင်းပေးပါ ဆိုတာမျိုးကို ကျနော်တို့ လိုချင်တာပါ” လို့ ပြောပါတယ်။

မြို့ကြီးနဲ့ နယ်မြို့တွေပါမကျန် ရေသန့်သုံးစွဲမှုဟာ ယဉ်ကျေးမှုတခုလို ပျံ့နှံ့နေပြီး ပြည်တွင်း ထုတ်ကုန်နဲ့ တနိုင်တပိုင် လက်လီဖြန့်ဖြူးသူလုပ်ငန်းရှင်တွေအတွက် အားထားရတဲ့ လုပ်ငန်းတခု ဖြစ်လာပါတယ်။ ဒါကြောင့် ကျန်းမာသန့်ရှင်းတဲ့ သောက်သုံးရေအဖြစ် အာမခံချက်မပေးနိုင်တဲ့ အိမ်တွင်းတနိုင်တပိုင် ထုတ်လုပ်တဲ့ လုပ်ငန်းငယ်တွေ ပေါ်ပေါက်လာပြီး တရားဝင်လုပ်ကိုင်တဲ့ လုပ်ငန်းတွေအတွက် ထိခိုက်မှုတွေ ရှိလာပါတယ်။

High Tech သောက်ရေသန့်မှ ဦးသိန်းတန်က “စက်ရုံတွေက တခြားစက်ရုံတွေလို မဟုတ်တော့ဘူးလေ၊ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်ကတော့ လုပ်လို့ကောင်းတယ်။ အခုနောက်ပိုင်းကျတော့ အခြားစက်ရုံတွေလည်း ပေါ်လာတော့ ရေဈေးက အလုအယက် လုပ်နေရတော့  လိုသလို မရလာဘူး။ နောက်တခါ နေရာမရသေးတဲ့ လုပ်ငန်းရှင်တွေလည်း သူတို့ နေရာရအောင် အောက်ဈေးနဲ့ ဝင်ရတယ်။ အဲဒီလိုအပိုင်းတွေ ဖြစ်လာတော့ ပထမဆုံး လုပ်နေတဲ့ လုပ်ငန်းတွေကလည်း ထိခိုက်မှုတွေ အကုန်ရှိလာတယ်” လို့ ပြောပါတယ်။

လူ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ်က ၆၀ ရာခိုင်နှုန်းအထိ ပါဝင်ပြီး စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားတဲ့ သောက်ရေသန့်က အစားအသောက်ကရတဲ့ အာဟာရဓာတ်ကို  ဖြည့်ဆည်းရာမှာလည်း အဓိကနေရာက ပံ့ပိုးပေးတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် စံချိန်စံညွှန်းနဲ့ ထုတ်လုပ်တဲ့ သောက်ရေသန့် လုပ်ငန်းတွေ ရပ်တည်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

ရန်ကုန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က “ရေသန့်ကတော့ အများကြီးအရေးပါတဲ့ဟာပေါ့၊ ကူးစက်နိုင်တဲ့ရောဂါ၊ ရောဂါပိုးမွှားတွေ ပေါက်တဲ့ဟာပေါ့၊ အာဆင်းနစ်လိုမျိုး၊ အဆိပ်သင့်နိုင်တာတွေ ပါလာတာမျိုးလည်း အများကြီး ဒုက္ခရောက်နိုင်တယ်။ ရေသန့်လုပ်ငန်းရဲ့ အရေးပါမှုကတော့ ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင် တော်တော်ကြီးကို အရေးပါတဲ့ လုပ်ငန်းပါ” လို့ ပြောပါတယ်။

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စံချိန်စံညွှန်းနဲ့ ထုတ်လုပ်တဲ့ သောက်ရေသန့် စက်ရုံတရုံအတွက် ကုန်ကျစရိတ်က ကျပ် သိန်းသုံးထောင်ကနေ ငါးထောင်အတွင်း ရင်းနှီးမြှုပ်နှံရတယ်လို့ ရေသန့်လုပ်ငန်းရှင်တွေက ပြောပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ထောက်ခံချက်ရရှိထားတဲ့ သောက်ရေသန့် စက်ရုံပေါင်း ၁၅၀၀ လောက်ရှိတယ်လို့ မြန်မာနိုင်ငံ ရေသန့် လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။

ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013