DVB Logo
Home
မြန်မာသတင်း
နုတ်ထွက် ထိုင်းသံအမတ်ဟောင်းပြောဆိုချက် ဆီလျော်မှုမရှိဟု ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်ပြော
DVB
·
July 22, 2018
နုတ်ထွက် ထိုင်းသံအမတ်ဟောင်းပြောဆိုချက် ဆီလျော်မှုမရှိဟု ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်ပြော
Donate to DVB

ရခိုင်အရေး နိုင်ငံတကာအကြံပေးကော်မတီကနေ နုတ်ထွက်သွားတဲ့  ထိုင်းသံအမတ်ဟောင်း ပြောဆိုခဲ့တဲ့ အကြောင်းပြချက်တွေဟာ လက်ရှိအခြေအနေနဲ့ ဆီလျော်မှုမရှိဘူးလို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်က ပြောဆိုလိုက်ပါတယ်။

လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ရခိုင်အရေးအကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရေးကော်မတီကို အကြံပြုချက်တွေပေးနေတဲ့ နိုင်ငံတကာအကြံပေးကော်မတီ အတွင်းရေးမှူး ထိုင်းသံ အမတ်ဟောင်း ကိုဆက်ချူတီကူး ကော်မတီကနေ အခုရက်ပိုင်းအတွင်း နုတ်ထွက်သွားတာပါ။

ရခိုင်အရေးမှာ ထိရောက်တဲ့ တိုးတက်မှုမရှိတာ၊ မြန်မာနိုင်ငံအတွင်း ရုံးခန်းဖွင့်ခွင့်မရတာ၊ နိုင်ငံတကာက အထောက်အပံ့ယူခွင့်မရှိတာ၊ စစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်မရတာတွေကြောင့် နုတ်ထွက်တာလို့ ကိုဆက်ချူတီကူးက အကြောင်းပြခဲ့ပါတယ်။   

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ကိုဆက်ချူတီကူးရဲ့ အကြောင်းပြချက်တွေဟာ လက်ရှိအခြေအနေနဲ့ ဆီလျော်မှုသိပ်မရှိဘဲ အဖွဲ့ အစည်းအတွင်း ပုဂ္ဂိုလ်ရေးပြဿနာတွေကြောင့်သာ နုတ်ထွက်တာ ဖြစ်နိုင်ခြေပိုများတယ်လို့ သုံးသပ်ပါတယ်။

“ဆရာတပည့်ချင်း ဖြစ်တဲ့ကိစ္စလား၊ ဒါမှမဟုတ် ဒီကော်မရှင်အတွင်းမှာ သူတို့ဆွေးနွေးရင်းကနေ ဖြစ်လာတဲ့ သဘောမတူညီချက်လား။ ဒါမှမဟုတ်ရင် အစိုးရဘက်က နေပြီးတော့ သူတို့တောင်းဆိုတာကို မဖြည့်တင်းတာလားဆိုတာကိုတော့ ကျနော်က ပြောလို့ တော့မရဘူးလေ။ ကျနော်တို့နေနဲ့ကတော့ မကောင်းဘူးလို့တော့ ကျနော်ပြောချင်တယ်။ နဂိုက မှ အကြံပေးအဖွဲ့တွေကို မလိုလားတဲ့သူတွေ ရှိနေတယ်။ ကောင်းအောင် အကြံပေးတဲ့သူတွေကို သူတို့ကြောင့်ပဲ ပိုဆိုးလာသလိုလို ပြောနေတဲ့သူတွေရှိတော့ အဲဒီလူများအတွက် အကြိုက်ဖြစ် သွားတဲ့အတွက် ကျနော့်အနေနဲ့ စိတ်မကောင်းဘူးလို့ ပြောချင်ပါတယ်။ ကျနော်တို့ ကိုဖီအာနန် ကော်မရှင်မှာတော့ ဘာမှ အဟန့်အတားမရှိဘူးဗျ။ တပ်မတော်နဲ့ တွေ့တယ်ဆိုရင်လည်း တပ်ချုပ်ကြီးနဲ့ဆို နှစ်ခါတွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။

ရခိုင်အရေးနိုင်ငံတကာအကြံပေးကော်မတီကို ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆူရာကီးရတ်က ဦးဆောင်နေပြီး အခုနုတ်ထွက်သွားတဲ့ ကိုဆက်ချူတီကူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တာပါ။

အကြံပေးကော်မတီမှာ ထိုင်းနိုင်ငံသားတွေကို ထည့်သွင်းခဲ့တာဟာ ထိုင်းနိုင်ငံဟာလည်း မြန်မာနိုင်ငံနဲ့ အလားတူ နိုင်ငံတောင်ပိုင်းမှာ အစွန်းရောက် အကြမ်းဖက်သမားတွေအရေးကို ရင်ဆိုင်နေရတဲ့အတွက် ပြဿနာတွေရဲ့ သဘောကို စောကြောနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထည့်သွင်းခဲ့တာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ပြည်ထောင်စုရှေ့နေများနဲ့ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က “ဘယ်လို ပုဂ္ဂိုလ်ရေး မကျေနပ်တာတွေ ဘာများရှိလဲဆိုတာ ဆရာတို့ မသိရဘူး။ သို့သော် လည်းပဲ အတွင်းရေးမှူးတို့၊ ရုံးအဖွဲ့တို့ဆိုတာမျိုးက အချိန်မရွေး အစားထိုးလို့ ရပါတယ်။ ဒါက သိပ်ပြီး ကြီးကြီးကျယ်ကျယ် ပြဿနာ မဟုတ်ပါဘူး။ ဥက္ကဋ္ဌ လုပ်တဲ့သူကသာလျှင် အရေးကြီး တာပါ။ ကိုယ့်နိုင်ငံအကြောင်းကို နားလည်နိုင်တဲ့ လူတယောက် နုတ်ထွက်သွားတဲ့ အတွက်ကြောင့်မို့ အစားထိုးရတာ နည်းနည်းခက်သွားမယ်” လို့ ပြောပါတယ်။

ရခိုင်ဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြဿနာကို အဖြေရှာနိုင်ဖို့ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။

ကော်မရှင်ကနေ အစီအရင်ခံစာထုတ်ပြန်ခဲ့ပြီး ရရှိလာတဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ အကောင်အထည် ဖော်ဆောင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

ထိုင်းသံအမတ်ဟောင်း နုတ်ထွက်သွားတဲ့ နိုင်ငံတကာအကြံပေး ကော်မတီကတော့ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီကို အကြံပေးဖို့အတွက် ဖြစ်ပါတယ်။

ကိုဆက်ချူတီကူးရဲ့ နုတ်ထွက်မှုဟာ နိုင်ငံတကာ အကြံပေးကော်မတီကနေ အမေရိကန်သံအမတ်ဟောင်း နုတ်ထွက်ပြီးနောက် ဒုတိယမြောက် နုတ်ထွက်မှုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013