
တနင်္သာရီမြို့နယ်ထဲမှာ ရေဘေးသင့် ပြည်သူဦးရေဟာ အိမ်ထောင်စု ၁၅၀၀ ကျော်နဲ့ ရေဘေးသင့် လူဦးရေ ၅၅၀၀ နီးပါးအထိ ထပ်မံတိုးမြင့်လာနေပြီး သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့မှာ ဇူလိုင် ၂၂ ရက်နေ့မှာတော့ မြစ်ရေအနည်းငယ် ပြန်လည်ကျဆင်းနေပြီး ပင်လယ်ရေ မျက်နှာပြင်ထက် ၂၅ ပေ ၃ လက်မနဲ့ စိုးရိမ်ရေမှတ်ထက် ၈ ပေကျော်ရှိနေပါတယ်။
ရေဘေးသင့်ဒေသတွေမှာ သောက်သုံးရေတွင်းတွေ နစ်မြုပ်ကုန်တဲ့အတွက် သောက်သုံး ရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပြီး တခြားနီးစပ်ရာဒေသတွေက ပရဟိတအဖွဲ့တွေနဲ့ အစိုးရ အဖွဲ့စည်းတွေက ကူညီမှုတွေလည်း ပြုလုပ်နေတာကြောင့် လတ်တလောအတွက် စိုးရိမ်စရာ သိပ်မရှိသေးဘူးလို့ သိရပါတယ်။
ရေပြန်လည်ကျသွားတဲ့အခါမှာ ပျက်စီးသွားတဲ့နေအိမ်တွေ ပြည်လည်တည်ဆောက်ဖို့ သစ်တွေနဲ့ ကျန်းမာရေးအတွက် ဆေးဝါးအသုံးဆောင်တွေအပြင် နစ်မြုပ်နေတဲ့ လယ်ဧကတွေ အတွက် စိုက်ပျိုးဖို့၊ မျိုးစပါးတွေ လိုအပ်မှုတွေရှိနေတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ဒီဗွီဘီကိုပြောပါတယ်။
အဓိက သွားလာရေးလမ်းကြောင်း ဗဟိုလမ်းမကြီးပေါ်မှာတော့ ရေကျော်နေတဲ့ တနေရာပဲကျန်ရှိတော့ပြီး မြို့ပေါ်ကနေ ကျေးရွာတွေထိကို သွားဖို့အတွက်ကတော့ အခက်ခဲတွေ ရှိနေသေးတယ်လို့လည်း သိရပါတယ်။
မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုကတော့ ရေနစ်မြုပ်ခဲ့တဲ့ လယ်ဧကတွေအတွက် ရေကျဆင်းတဲ့အခါမှာ ပြန်လည်စိုက်ပျိုးဖို့ မျိုးစပါး တင်း ၄၅၀၀ ထားရှိထားတယ်လို့လည်း ဒီဗွီဘီကိုပြောခဲ့ပါတယ်။
သတင်း - အောင်ကျော်











