DVB Logo
Home
Lead Story
ဗိုလ်ချုပ်ရုပ်တုကိစ္စ ကယားဝန်ကြီးချုပ်ပြောဆိုမှုအပေါ် ကယန်းအမျိုးသားပါတီကို မေးမြန်းချက်
DVB
·
July 22, 2018
ဗိုလ်ချုပ်ရုပ်တုကိစ္စ ကယားဝန်ကြီးချုပ်ပြောဆိုမှုအပေါ် ကယန်းအမျိုးသားပါတီကို မေးမြန်းချက်
Donate to DVB

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ဗိုလ်ချုပ်ရုပ်တုထားရှိရေးနဲ့ပတ်သက်ပြီး ဆူပူမှုတွေလုပ် လာပါက စစ်တပ်ကို ထိန်းသိမ်းခိုင်းမယ်လို့ ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး အဲဒီနေ ဆွေးနွေးပွဲမှာပါရှိခဲ့တဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဇူလိုင် ၁၆ ရက်က အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီလူငယ်အင်အားစုတွေ၊ ကယန်းအမျိုးသားပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအပါဝင် လက်နက်ကိုင်အဖွဲ့အစည်းကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

မေး။ ။ ဝန်ကြီးချုပ်က ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိရေးကိစ္စနဲ့ပတ်သက်ပြီး ဆူပူတာတွေလုပ်ရင် တပ်မတော်ကို ထိန်းခိုင်းမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် ပါတီတခုအနေနဲ့ ဘာမှတ်ချက်ပြုပြောဆိုချင်လဲခင်ဗျ။

မေး။ ။ အဲဒီနေ့အခမ်းအနားမှာ ကျနော်ရှိနေတယ်။ ပထမဆုံးတခွန်းမှာ စစ်တပ်ကို ထိန်းသိမ်းခိုင်းမယ် ပြောတော့၊ ဝန်ကြီးချုပ် ဒါကမပြောသင့်ဘူးပေါ့၊ တိုင်းရင်းသားဒေသမှာ အခုလိုစစ်တပ်ကို ထိန်းသိမ်းခိုင်းမယ်ပြောတာက ဒီမိုကရေစီဖက်ဒရယ်အတွက် လမ်းကြောင်း မကောင်းဘူး။ စစ်တပ်နဲ့ခြိမ်းခြောက်ရာလည်း ရောက်တယ် လူငယ်တွေနဲ့ ကျနော် အဲလိုကန့်ကွက်ခဲ့တယ်။ နံပါတ် ၁ က ပြဿနာက ကြေးရုပ်ကနေစတယ်။ ကျနော်တို့ ကယန်းအ မျိုးသားပါတီအနေနဲ့ ကြေညာချက်ထုတ်ခဲ့ပြီးပြီ။ အဲဒီထဲမှာ ဒီပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး အတွက်လည်း ကြိုးစားနေတုန်း။ တိုင်းရင်းသားတွေအနေနဲ့လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို တရားမှန် နည်းလမ်းမှန် နဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတုန်း အချိန်မျိုးမှာ သမိုင်းနဲ့ပတ်သက်တဲ့ အရာတွေကို အသိအမှတ်ပြုမှု မရသေးခင်အချိန်မျိုးမှာ၊ နိုင်ငံရေးအရ အသိမှတ်ပြုမှုမရသေးတဲ့အချိန်မျိုးမှာ အထူးသဖြင့် တဖက်သတ် လူမျိုးစုသော်လည်းကောင်း အာဏာကိုပေးတဲ့ အရာမျိုးတွေ လူမျိုးကြီးတခုရဲ့ ကြီးစိုးတဲ့ အရာမျိုးတွေကို ဖော်ပြတဲ့ အရာမျိုးတွေကိုမလုပ်စေချင်ဘူး။ အခုမလုပ်စေချင်တာပါ။ နောင် တိုင်းပြည်ရဲ့ သင့်တော်တဲ့အချိန်မျိုးမှာလုပ်ရင် ကျနော်တို့တားမှာ မဟုတ်ပါဘူး။ ဒီအပေါ်မှာ ဝန်ကြီးချုပ်က နားထောင်တာမျိုးမဟုတ်ဘဲ ပြည်သူက ထောက်ခံတယ်၊ ပါတီအင်အား များပါတယ်ဆိုတာမျိုးနဲ့ ကြေးရုပ်ကို မဖြစ်မနေလုပ်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ လုပ်တာဖြစ်တယ်။ ဒါကို ရှုတ်ချတယ်။ နောက်တခုက စစ်တပ်နဲ့အုပ်ချုပ်ခိုင်းမယ်၊ စစ်တပ်နဲ့ခြိမ်းခြောက်ခိုင်းတဲ့ ကိစ္စကတော့ လုံးဝမဖြစ်သင့်ဘူး။ ကျနော်တို့လို ဒေသအခြေနေမျိုးမှာ ဝန်ကြီးချုပ်အနေနဲ့ ဒီလိုအသုံးအနှုန်းမျိုးကို လုံးဝမသုံးနှုန်းသင့်ဘူး။ အခုလူငယ် ၂၃ ယောက်ကို ပုဒ် ၅ဝ၅ နဲ့ရော ၁၉ နဲ့ရော ၂ မျိုးလုံးနဲ့ တရားစွဲထားတဲ့အပြင် စစ်တပ်နဲ့ထပ်ခြိမ်းခြောက်တာက လုံးဝမလုပ်သင့်ဘူး။ စစ်တပ်သည်သူနေရာနဲ့သူ ရှိသင့်တယ်။ စစ်တန်းလျားမှာရှိသင့်တယ်။ စစ်တပ်နိုင်ငံရေး သော်လည်းကောင်း စစ်တပ်အုပ်ချုပ်ရေးသော်လည်းကောင်း သူကို မတ်လုံးပေးတာတို့ သူ့ကို PR လိုဖိတ်ခေါ်တာမျိုးမဖြစ်သင့်တဲ့အချိန်မျိုးမှာ တက်နိုင်သလောက် အရပ်သားအစိုးရအနေနဲ့ ထိန်းကြောင်းသင့်တဲ့အခြေနေမျိုးမှာ ဝန်ကြီးချုပ်က အတင်းဖိတ်ခေါ်တယ်၊ ခြိမ်းခြောက်တယ် ဆိုတာမျိုးက အင်မတန်မှ ရှုတ်ချဖွယ်ကောင်းတယ်၊ ရှက်ဖွယ်ကောင်းတယ်။

မေး ။ ။ ရုပ်တုထားဖို့ ဘာကြောင့်လိုတယ်ဆိုတာမျိုး အဲဒီတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာရှိလား။

ဖြေ ။ ။ ကျနော်အစည်းအဝေး ၂ ခါ ကြုံဖူးတယ်။ အဓိကပြောတာကတော့ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားလွန်းလို့ပဲ တခွန်းပဲရှိမယ်ခင်ဗျာ့။ ဗိုလ်ချုပ်အောင်ဆန်းကို နောင်လာနောင်သားတွေအနေနဲ့ ကြေးရုပ်အနေနဲ့ တွေ့ခွင့်ရအောင် ဖန်တီးခြင်းဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တခုပဲရှိတယ်။ တည်ငြိမ်အေးချမ်းရေးကို လျစ်လျူရူထားတယ်။ တိုင်းရင်းသား ကိစ္စတွေ သမိုင်းဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးမှ လက်ရှိလက်နက်ကိုင် အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေပြောဆိုတာကိုလည်း အားလုံးကိုလျစ်လျူရူပြီးမှ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားလွန်းလို့ဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်။ နောက်ကွယ်မှာ ပါတီနိုင်ငံရေးတွေ ရှိတယ်ဆိုတာကိုတော့ ကျနော်တို့နားလည်တယ်။ ပါတီကိစ္စ ကို အထူးအထွေ မပြောလိုပေမယ့် အန်အယ်လ်ဒီပါတီအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့အရာတွေကို ပေါ်လစီမဟုတ်သော်ငြားလဲပဲ နိုင်ငံရေးကစားကွက်အနေနဲ့ လုပ် ဆောင်တယ်ဆိုတာကိုလည်း ကျနော်တို့သိထားတယ်။ ဝန်ကြီးချုပ်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ကို လေးစားလွန်းလို့ဆိုတဲ့ အကြောင်းပြချက်တခုတည်းကို ပြထားတာဗျာ့။

မေး ။ ။ ဝန်ကြီးချုပ်က စစ်တပ်နဲ့ခြိမ်းခြောက်တဲ့ဆိုတဲ့ အသုံးအနှုန်း နောက်တခုက ဗိုလ်ချုပ်ကို လေးစားလွန်းလို့ မဖြစ်မနေလုပ်မှာဖြစ်တယ်ဆိုတဲ့ အသုံးအနှုန်းတွေက လက်ရှိအစိုးရ ဖော်ဆောင်နေနဲ့ အမျိုးသားပြန်လည်သင့် မြတ်ရေးကို ဘယ်လောက်ထိခိုက်သွားနိုင်သလဲ။

ဖြေ ။ ။ အင်မတန်ကို ရှုပ်ထွေးပြီး သက်ရောက်မှုတွေများနေပြီ။ အဓိက က လူထုကြားမှာ ဗိုလ်ချုပ်အောင်ဆန်း ထောက်ခံသူနဲ့ မထောက်ခံသူဆိုပြီး အမုန်းပွားတာတွေ အရမ်းများလာပြီ။ ကျနော်တို့ပါတီအနေနဲ့လည်း ဒီကိစ္စကို မပြောသင့်တော့ဘူးဆိုပြီးတော့ ထိန်းနေတဲ့ အခြေနေမျိုး ဖြစ်နေတယ်။ ထောက်ခံသူနဲ့မထောက်ခံသူကြားမှာ ပြောနေတဲ့ သတ်မယ်တို့ ဘာတို့ဆိုတဲ့ အမုန်းစကားတွေက လူမှုကွန်ရက်မှာပြန့်နေတယ်။ နောက်တခုက KNPP နဲ့လည်း အပစ်အခတ်ရပ်စဲဖို့လုပ်နေတဲ့အချိန်မျိုးမှာ သူတို့ကလည်း ဒီရုပ်တုကိစ္စနဲ့ ပတ်သက်ပြီးတော့ မလုပ်သင့်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ သူတို့တဖွဲ့တည်းမဟုတ်ဘဲ ဒီမှာရှိတဲ့ သူတွေ အကုန်လုံးက ဒီကိစ္စကို ရပ်ထားဖို့ ဆိုင်းငံ့ထားဖို့ အဆိုပြုထားကြတယ်။ ဒါပေမယ့် အစိုးရရဲ့ လမ်းကြောင်းနဲ့ တလွဲစီဖြစ်နေတယ်။ ကျနော်မြင်တာ ဒါက အစိုးရလမ်းကြောင်းအတွက် ကောင်းတဲ့ လမ်းကြောင်းမဟုတ်ဘူး။ ကြေးရုပ်ကိစ္စနဲ့ စကားများနေကြမယ်၊ အမုန်းပွား နေကြမယ်ဆိုရင်တော့ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။

မေး ။ ။ တိုင်းရင်းသားပြည်နယ်တွေမှာ သူတို့သမိုင်းကြောင်းအရာ လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်တွေရှိကြတယ်။ အဲလိုနေရာဒေသမျိးတွေမှာ အခုလို အစိုးရက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားတာက တိုင်းရင်းသားတွေကြား ရင်ကြားစေ့နိုင်ရေးမှာရော အခက်တွေ့နိုင်သလား။

ဖြေ ။ ။ မွန်ကိစ္စမှာပဲကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စမှာ အစကတည်းက တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုမရှိဘူး။ ကျနော်တို့လူငယ်မျိုးဆက်ကြားမှာတော့ မြန်မာပြည်မှာကြီးပြီး မြန်မာစာတွေသင်လာကြတဲ့ သူတွေဖြစ်တယ်။ ကျနော်တို့က ပြည်ထောင်စု စိတ်ဓာတ်တွေကို နွေးထွေးခံစားရတယ်။ လက်ရှိ ကယားပြည်နယ်အနေထားက လူငယ်တွေကိုယ်တိုင်ကိုက ကန့်ကွက်တဲ့အရာတွေဖြစ်သွားပြီးမှ လူငယ်တွေရဲ့ကြားထဲမှာ ပြည်ထောင်စုဆိုတဲ့အမြင် လူမျိုးရေးဆိုတဲ့အမြင်တွေကပေါ့နော် ဒီထက်ပိုပြီး အမြင်မှား သွားတာတွေ ဖြစ်သွားတယ်ပေါ့။ လက်ရှိမှာ အပစ်အခတ်ရပ်စဲရေးတွေတောင် မလုပ်နိုင်တဲ့ အနေထားမျိုးတွေမှာ အခုလိုမျိုး စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း မယုံကြည်မှုတွေ အမျိုးသားရေး မယုံကြည်မှုတွေကို ပိုပြီးဖြစ်သွားစေတဲ့အတွက် တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးက အင်မတန်မှ အလှမ်းဝေးသွားပြီလို့ ယူဆတယ်။ အစိုးရအနေနဲ့ ဒါကို အမြန်ဆုံးပြုပြင်သင့်တယ်။ လူငယ်တွေကြားမှာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ မှန်ကန်သောနည်းလမ်းနဲ့ ချင်းကပ်သင့်တယ်။ အဲဒီအပေါ်မှာ မြေတောင်မြှောက်သင့်တယ်။ အခုလိုမျိုး တဖက်သတ် ရုပ်တုသော်လည်းကောင်း၊ အမျိုးသားရေးကိုလုပ်ဆောင်ခြင်းသော်လည်းကောင်း ဒါတွေကို ရပ်ဆိုင်းသင့်ပြီ။

မေး ။ ။ တရားရင်ဆိုင်နေတဲ့ လူငယ် ၂၃ ယောက်နဲ့ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်က တစုံတရာ လုပ်ဆောင်တာမျိုးရှိလား။

ဖြေ ။ ။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အပါအဝင် ကျနော်တို့တွေက လူငယ်တွေကို ပြင်လွှတ်ပေးဖို့ တောင်းဆိုခဲ့ဘူးတယ်။ ဒါကို စဉ်းစားပေးမယ်ဆိုတဲ့ မှတ်ချက်ပြုတာမျိုးတော့ ရှိခဲ့တယ်။ လက်တွေ့မှာတော့ ဘာမှလုပ်ဆောင်ပေးတာ မရှိသေးဘူးလို့ ပြောရမှာဖြစ်တယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013