
သရုပ်ဆောင်သင်ဇာဝင့်ကျော်ရဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ ပတ်သက်ပြီး ခေါ်ယူသတိပေးတာတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက Balance Fitness 3 ဖွင့်ပွဲမှာ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ ၀တ်စားဆင်ယင်မှုအပေါ် လူမှုကွန်ရက်စာမျက်နာတွေပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကတွေက ခေါ်ယူအသိပေး ဆောင်ရွက်တာတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ သင်္ကြန်ပွဲတော်ရက်တွေမှာ အနုပညာရှင်တွေရဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်တာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က ပွဲတက်ဝတ်စုံကြောင့် ဝေဖန်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ်အလှ ကောက်ကြောင်းပုံတွေကို မကြာခဏတင်လေ့ရှိပြီး ပရိသတ် အားပေးမှု ရရှိနေသူဖြစ်ကာ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ပရိသတ် ၇ သိန်း ၆ သောင်းကျော် ရှိပါတယ်။
မကြာခင်ကမှ ထွက်ရှိထားခဲ့တဲ့ မုန်းလို့ရရင် မုန်းချင်တယ် အမည်ရတဲ့ ရုပ်ရှင်ကားထဲမှာလည်း နာမည်ကြီး သရုပ်ဆောင်မင်းသား နေတိုး၊ သရုပ်ဆောင် အဆိုတော် ရတနာမိုင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိနေသူ ဖြစ်ပါတယ်။











