DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် ဓာတ်ဆီဈေးတက်
DVB
·
July 18, 2012
မန္တလေးမြို့တွင် ဓာတ်ဆီဈေးတက်
Donate to DVB

မန္တလေးမြို့မှာ ဓာတ်ဆီတဂါလန်ကို အပြင်ပေါက်ဈေး ၄၈၀၀ ကျပ်ထိ တက်နေပါတယ်။ ဆိုင်ထုတ်ဈေးက ဓာတ်ဆီ တဂါလန်ကို ၃၇၅၀ ကျပ်၊ ဒီဇယ်က ၄၀၀၀ ကျပ် ခန့်ဖြစ်နေပါတယ်။

မန္တလေးမှာ မော်တော်ဆိုင်ကယ်လိုင်စင်တွေ ထပ်မံချပေးနေတာကြောင့် သုံးစွဲသူများပြားနေသလို နောက်ပိုင်း ပိုသုံးကြလိမ့်မယ်လို့ မြို့က မော်တော်ယာဉ်သမားတွေက ခန့်မှန်းကြပါတယ်။

ထုတ်ပေးတဲ့ခွဲတမ်းက မလောက်ငလို့ အပြင်မှာပဲ ၀ယ်ထည့်ကြသလို ဓာတ်ဆီဆိုင်တွေမှာလည်း ဓာတ်ဆီတန်းစီ တိုးစားသူတွေရှိလာနေပြီလို့ ကားပိုင်ရှင်တဦးက ပြောပါတယ်။

“တပတ်မှာ ၃ ဂါလန်ပဲ ရတယ်။ သွားလာနေတဲ့သူတွေအတွက် ဘယ်လိုမှ မလောက်ဘူး။ အပြင်မှာပဲ ၀ယ်ထည့်နေကြရတယ်။ နောက်ပြီး ဟိုမှာက တန်းစီရတယ်၊ စောင့်ရတယ်၊ အချိန်ပေးရတယ်။ အခုလို ဈေးကောင်းလာပြီးဆိုရင် တိုးစားတဲ့လူတန်းစားတွေအတွက် အခွင့်အလမ်းပေါ်သွားတာပေါ့။ ၁ ဂါလန်ကို ၂၀၀၀ လောက်ဆိုတော့ တိုးလို့ ကောင်းသွားပြီ။”

လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဓာတ်ဆီဈေးဟာ ဂါလန် ၅၀ ဆံ့ တပီပါကို ကျပ်ငွေ ၅ သောင်း တက်သွားတယ်လို့ ပြောပါတယ်။

မန္တလေးမှာ ဒီဇယ်က အသုံးနည်းပြီး ဓာတ်ဆီက အသုံးများတယ်။ ဒါကြောင့် လူသုံးနည်းတဲ့ ဒီဇယ်ဆီဈေးဟာ ဆိုင်ဈေးနဲ့ အပြင်ဈေး သိပ်မကွာဘူးလို့ ဆိုပါတယ်။

တချို့ နောက်ပိုင်းဝင်တဲ့ ကားကောင်းတွေက ပရီးမီးယားဒီဇယ် အသန့်ကိုထည့်ကြပြီး အဲဒီ ဒီဇယ်တဂါလန် ပေါက်ဈေးဟာ ၄၈၀၀ လောက် ရှိနေပါတယ်။ မီးစက်၊ အင်ဂျက်စက် လည်ပတ်သူတွေကတော့ အပြင်ဈေးကွက်ပဲ အားထားနေကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကနေ ၀င်ရောက်လာတဲ့ ဓာတ်ဆီ ပီပါတွေကို ဘားအံကနေ မန္တလေးကို သယ်ဆောင်နေတဲ့ ကုန်ကားသမားတဦးက မန္တလေးကို ဓာတ်ဆီတပေပါ ကားခ ကျပ် ၁သောင်းခွဲယူပြီး အပြန်မှာ မန္တလေးကုန်ကို တပိဿာ သုံးဆယ်နဲ့ ရန်ကုန်ထိသယ်တယ်လို့ ပြောပါတယ်။ မန္တလေးကအပြန် လမ်းတလျှောက် ဆီဆိုင်တွေမှာ ဒီဇယ်တဂါလန်ကို ၃၆၅၀ ကျပ်၊ ၃၅၅၀ ကျပ်နဲ့ ၀ယ်ထည့်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးကို တင်ပို့တဲ့ ဆီတွေကို ကရင်ပြည်နယ် ဘားအံမှာ ရောင်းဝယ်နေသူ တဦးက အဲဒီဓာတ်ဆီတွေဟာ ထိုင်းနိုင်ငံက ဆီမဟုတ်ဘဲ မလေးရှားနိုင်ငံ လမ်းကြောင်းက လာတာလို့ ပြောပါတယ်။

ဘားအံမြို့ဟာ တခြားဒေသတွေထက်စာရင် ထိုင်းက ဓာတ်ဆီဝင်တဲ့ ဂိတ်ပေါက်နဲ့နီးတဲ့အတွက် ဈေးသက်သာပြီး မန္တလေးကို တင်ပို့နေတာဖြစ်တယ်လို့ ဓာတ်ဆီဖြန့်သူ တဦးက ဆိုပါတယ်။

“ဓာတ်ဆီကတော့ ၁ ရက် ၂ ရက်မှ ၃၄၀၀ ကျပ် ဖြစ်သွားတာ။ တောက်လျှောက်တော့ ကျနော်တို့ ဘားအံမှာ ၃၂၀၀ လောက်ပဲဝယ်ရတယ်။ ပြန်ရောင်းဈေးပေါ့ ၃၄၀၀ လောက်ဖြစ်သွားတာ။ အဲတော့ ကျန်တဲ့နယ်ကလူတွေက သူတို့ဆီမှာ ၄ ထောင်ကျော်တာကိုး။ ဒီမှာပေါတော့ ကျနော်တို့ဆီကို မန္တလေးကလူတွေ လာဝယ်ကြတာပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013