
ဧရာဝတီမြစ်ရေ တိုးလာပြီး တောင်သမန်အင်းအတွင်း ဦးပိန်တံတား ကြမ်းပြင်နဲ့ ရေပြင် ထိစပ်ဖို့ ပေအနည်းငယ်သာ လိုတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်နေကြတဲ့ မန္တလေးမြို့က တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာ ဧရာဝတီမြစ်ရေ ဝင်ရောက်တာ နောက်ကျနေပေမယ့် ရေဆက်လက်တိုးလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင် ပထမအပတ်ကစတင်ပြီး ပထမအကြိမ် တဖြည်းဖြည်း ရေဝင်ရောက်တာ အခုဆိုရင် တောင်သမန်အင်းက ဦးပိန်တံတားကြမ်းပြင်နဲ့ ရေပြင် ထိစပ်ဖို့ အကွာအဝေး ၇ ပေခွဲလောက်ပဲ လိုတော့တယ်လို့ တောင်သမန် ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောပါတယ်။
“တအိအိနဲ့ တက်နေတာ ၁၅ ရက်၊ ရက် ၂၀ လောက်ရှိပြီး ဒီလိုရေမျိုးက ကျဖို့ရာလည်း ခဲယဉ်းတယ်။ နောက်လေနဲ့ နောက်ရေနဲ့ ဒီရေနဲ့ ဆက်သွားရင် ရေက ပိုကြီးမှာ၊ ဒီနှစ်ကလည်း ဝါလည်း ထပ်တယ်၊ ဝါထပ်တော့ ရေကြီးနိုင်ခြေ အများကြီး ရှိတယ်။ ရေက တအိအိနဲ့ တက်နေတာ ၁၅ ရက်၊ ရက် ၂၀ လောက်ရှိပြီး ရေက ဒီထက်တိုးဦးမှာ။ ရေက အာဏာကုန်ကျ တတောင်၊ နှစ်တောင်ပဲ။ နောက်ရေနဲ့ ဆက်သွားမှာ၊ ရတနာဂူပွဲတော်ရက်ဆိုရင် ရေများနိုင်ခြေ ရှိတယ်။ မနှစ်က ဒီရာသီဆို နှစ်ကြိမ်ရှိပြီး ရေတိုးတာ၊ အခုက တအိအိနဲ့ ရေတိုးတာ ဒီတကြိမ်ပဲ ရှိသေးတယ်။”
တောင်သမန်အင်းမှာ နှစ်စဉ် ဝါဆိုလရောက်တိုင်း ရေတိုးမှု သုံးကြိမ် ရေတိုးပါတယ်၊ လက်ရှိအချိန်မှ ပထမအကြိမ်သာ ရေဝင်ခြင်း ဖြစ်တာကြောင့် နောက်ထပ် နှစ်ကြိမ် ရေတိုးဖို့ ကျန်ရှိနေသေးပါတယ်။
ရေတိုးဖို့အကြိမ် ကျန်နေသးတာကြောင့် အခုနှစ် ဦးပိန်တံတား ရေကျော်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားတာကြောင့် နှစ်စဉ် ရေကျော်တဲ့ ရပ်ကွက်တွေမှာ နေထိုင်သူတွေက ပြောင်းရွှေ့နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
ရွှေဂွမ်းထုပ်တိုက်နယ် ဖန်ချက်ရပ်နေ ဒေါ်သန္တာဝင်းက “လောလောလတ်လတ်တော့ မိုးကာတို့ ဘာတို့တော့ မဝယ်ရသေးပါဘူး၊ ဝါးလုံးက အရင်ဝယ်ထားတယ်။ အဆင်သင့်ဖြစ်ဖို့ ကိုယ်နေတဲ့ နေရာလေးကိုတော့ ကြိုရှင်းထားရတယ်။ ဖြစ်လာရင် အရင်ပြေးဖို့ရာအတွက်ပေါ့၊ ကြိုတင်လုပ်ထားရပါတယ်။ ရေတက်ခဲ့ရင်လည်း ကိုယ်ဘာသာကိုယ် ရွှေ့ပြောင်းရတယ်၊ မြောင်းအပေါက်လေးတွေက ရေတွေ ကျော်တက်လာတယ် ဆိုရင်တော့ ပြေးကြရတာပဲ၊ ဘယ်သူမှတော့ လာမပြောထားပါဘူး” လို့ ပြောပါတယ်။
တောင်သမန်အင်းမှာ ၂၀၁၆ ခုနှစ်က ဦးပိန်တံတား ရေကျော်တဲ့အထိ ရေတိုးခဲ့သလို ၂၀၁၇ ခုနှစ်ကလည်း ဦးပိန်တံတားနဲ့ ရေပြင်ထိဖို့ ၁ ပေလောက်အလိုထိ ရေတိုးခဲ့ပါတယ်။
အရင်နှစ်က ၁ ရက်ကို ရေတထွာနှုန်း တိုးခဲ့ပေမယ် အခုနှစ်မှာ တရက်ကို ၁ လက်မခန့်နှုန်း တဖြည်းဖြည်း ရေတိုးလာနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။











