DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သီးခြားတွေ့ဆုံ
DVB
·
July 18, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သီးခြားတွေ့ဆုံ
Donate to DVB

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံတယ်လို့ သိရပါတယ်။

ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး နေ့လယ်ပိုင်း နာရီဝက် နားချိန်မှာ တွေ့ဆုံတာလို့ လွှတ်တော်အစည်းအဝေးမှာ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံတာ မိနစ် ၃၀ လောက်ကြာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကိုယ်ရေးအရာရှိ ဒေါက်တာ ဒေါ်ငယ်ပါဝင်ပါတယ်။ တွေ့ဆုံတဲ့ အကြောင်းအရာကို ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးပြောဆိုတာတော့ မရှိဘူးလို့ သိရပါတယ်။

အခုလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားတွေ့ဆုံတာဟာ အခုရက်ပိုင်းအတွင်းမှာ နှစ်ကြိမ်ရှိသွားပါပြီ။

ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရှမ်းကျားဖြူပါတီရဲ့ ဒေါ်နန်းဝါနုကနေ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို အမြန်ဆုံးရုပ်သိမ်းရေး ညှိနှိုင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့အဆိုကို တင်းသွင်းခဲ့အပြီး ဦးရွှေမန်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့်ဖိတ်ကြားပြီး တွေ့ဆုံခဲ့ပါသေးတယ်။

အမေရိကန်ပြည်ထောင်စုက ဒီလ ၂၆ ရက်မှာ သက်တမ်းပြည့်မယ့် မြန်မာကိုပိတ်ဆို့ဒဏ်ခတ်တဲ့ The Burmese Freedom and Democracy Act of 2003 ဥပဒေကို သက်တမ်းတိုးရေး မတိုးရေး ရက်ပိုင်းအတွင်း ဆုံးဖြတ်ဖို့ရှိနေသလို အဲဒီဥပဒေကို ဦးဆောင်ကြိုးပမ်းသူ မစ်ခ်ျမက်ကော်နယ်က ဇူလိုင် ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ သုံးနှစ် တကြိမ်ပြန်သုံးသပ်တဲ့ ဒီဥပဒေကို အတည်ပြုရင် ၂၀၁၅ ထိ  အသက်ဝင်မှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ တွေ့ဆုံခဲ့တာဟာ အမေရိကန်နိုင်ငံကနေ စီးပွားရေးအရ အရေးယူပိတ်ဆို့ဒဏ်ခတ်တာ သက်တမ်းတိုးရေး မတိုးရေး ဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုတဲ့အကြောင်းကို ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“မစ်ခ်ျမက်ကော်နယ်နဲ့ ဖုန်းဆက်ပြီးတော့ စီးပွားရေးရုပ်သိမ်းတာကို ဒေါ်အောင်ဆန်းစုကြည်ကဖုန်းဆက်ပြီးတော့ အားလုံးလက်ခံနိုင်တဲ့ အတိုင်းအတာဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အဲ့အကြောင်းတွေကို ပြန်ဆွေးနွေးကြမလား ဒါတော့ ဖြစ်နိုင်တာပေါ့။ လွှတ်တော်အမတ်တယောက်က ခန့်မှန်းလိုက်လို့ ကျနော်က ပြန်ရှင်းပြတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးရွှေမန်းနဲ့ တွေ့ဆုံအပြီးမှာ ဇူလိုင် ၁၉ ရက်မှာ ကျင်းပမယ့် အာနည်နေ့အခမ်းအနား တက်ရောက်ရေး ပြင်ဆင်ဖို့ ရန်ကုန်ကို ထွက်ခွာသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013