DVB Logo
Home
Lead Story
တခါတုန်းက တက္ကသိုလ် (သို့မဟုတ်) အန္တရာယ်ရှိ အဆောက်အဦ
DVB
·
July 20, 2018
တခါတုန်းက တက္ကသိုလ် (သို့မဟုတ်) အန္တရာယ်ရှိ အဆောက်အဦ
Donate to DVB

အသုံးမပြုဘဲ ကြာပြီဖြစ်သော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ စစ်တွေတက္ကသိုလ် ကျောင်းဟောင်း အဆောက်အဦကို မူလက အသုံးပြုခဲ့သော ‘အ.ထ.က (၁) စစ်တွေ’ အဖြစ် ပြန်လည်ပြောင်းလဲအသုံးပြုဖို့ အ.ထ.က (၁) စစ်တွေ ကျောင်းသားဟောင်းများက တောင်းဆိုခဲ့သည့်အတွက် အဆောက်အဦကို ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က စတင်၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို တင်ဒါအောင်သော ကုမ္ပဏီအား အပ်နှံပြီး သိန်းထောင်ချီ အကုန်အကျခံကာ ပြုပြင်စေခဲ့ပါသည်။ ဤသို့ ဒေသခံ ဆောက်လုပ်ရေးကုမ္ပဏီတခုအား တင်ဒါပေးကာ သိန်းထောင်ချီ အကုန်အကျခံ ပြင်ဆင်ပြီးခါမှ  ပညာရေးဌာနက အန္တရာယ်ရှိ အဆောက်အဦဟု ပြောလာပြီး မူလပိုင်ရှင် အစစ်အမှန်ဖြစ်သော အ.ထ.က (၁) စစ်တွေ စာသင်ဆောင်အဖြစ် ကျောင်းတက်ရန် မသင့်တော်ကြောင်း အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုအဆောက်အဦသည် ဗြိတိသျှ ကိုလိုနီလက်ထက် ၁၈၈၄ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး မူလက အ.ထ.က (၁) စစ်တွေ စာသင်ကျောင်းအဖြစ် အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းတွင် စစ်တွေတက္ကသိုလ်အဖြစ် ပြောင်းလဲအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ‘အ.ထ.က (၁) စစ်တွေ ဒေသကောလိပ်၊ စစ်တွေဒီဂရီကောလိပ်နှင့် စစ်တွေတက္ကသိုလ်’ အဖြစ် ခေတ်အဆက်ဆက်တွင် ယာယီအသုံးပြုခဲ့သော အဆောက်အဦသည် နှစ်ပေါင်း (၁၃ဝ) ကျော် သက်တမ်းရှိနေပြီ ဖြစ်သည့်အတွက် အချိန်မရွေး ပြိုကျနိုင်သည့် အန္တရာယ်ရှိနေသော အဆောက်အဦ ဖြစ်နေပါသော်လည်း ငွေကြေးကုန်ကျခံ ပြင်ဆင်ပြီးခါမှ ပြိုကျနိုင်သည်ဟု ပညာရေးဌာန တာဝန်ရှိသူများက ပြောကြားလာခြင်းသည် အဆောက်အဦကို စတင်ပြင်ဆင်ကတည်းက အဆောက်အဦ၏ ခိုင်ခံ့မှု အခြေအနေများကို တွက်ချက်လေ့လာပြီး ပြုပြင်၍ ရ၊ မရ ဆိုသည့် ကိစ္စရပ်များကို သေချာစိစစ်ခြင်း မရှိခဲ့ဘဲ ဖြစ်သလို တင်ဒါပေး လုပ်ဆောင်နေခြင်းမှာ ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးရာ ရောက်နေကြောင်း ရခိုင်ဒေသခံ ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးစိန်လှထွန်းက ‘သက်ဆိုင်ရာမှ သွားရောက်စိစစ်ပြီး စာသင်ဆောင်အဖြစ် အသုံးပြုသင့်၊    မပြုသင့်ကို အထက်ဌာနဖြစ်သည့် အခြေခံပညာဦးစီးဌာနသို့ တင်ပြထားကြောင်း’ ပြောထားသည်ကို ရခိုင်ဒေသထုတ် ဂျာနယ်တစောင်မှာ ဖတ်လိုက်ရပြီး ၂ဝ၁၈ ခုနှစ် မတ်လ ၆ ရက်နေ့က အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း ဝင်ရောက်ကြည့်ရှုခဲ့ရာ ‘အန္တရာယ်ရှိသော စာသင်ဆောင်အဖြစ်’ မှတ်ချက်ပြုခဲ့သည်ဟု သိရသည်။

အဆောက်အဦကို သိန်းနှစ်ထောင်ကျော်လောက် အကုန်ကျခံပြီး ‘အပေါ်ယံ ဆေးဆိုးပန်းရိုက်’ ပြုပြင်နေခြင်းသည် လူမြင်ကောင်းအောင် ပြုလုပ်ကြခြင်းသာ ဖြစ်၏။ အဆောက်အဦ ကြံ့ခိုင်မှု ရှိ၊ မရှိ ဆိုသည်ကို ဗိသုကာ အင်ဂျင်နီယာ ပညာရှင်များအား အရင်စိစစ်စစ်ဆေးခွင့်မပေးဘဲ တင်ဒါအောင်သော ကုမ္ပဏီကို ပြုလုပ်စေခြင်းသည်ပင် တာဝန်ရှိသူများအနေနှင့် ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးရာရောက်နေပေသည်။ ကျောင်းဆောင်ထဲမှ သံဘောင်များသည် သက်တမ်းလွန်နေပြီ ဖြစ်သဖြင့် အလွန်ဆွေးနေသောကြောင့် အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်ပါသည်။ ဤသို့ ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ခဲ့သော နှစ်ပေါင်း ရာကျော်နေသည့် အဆောက်အဦကို အကြီးစား ပြုပြင်တည်ဆောက်ရေးမလုပ်ဘဲ အပေါ်ယံ ဆေးဆိုးပန်းရိုက် ပြုပြင်နေခြင်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တတ်သိနားလည်သော ပညာရှင်များကို မတိုင်ပင်ဘဲ ထင်ရာစိုင်းနေကြခြင်းဟု ဆိုရပေမည်။

အဆိုပါ အဆောက်အဦကို ယခင်က စစ်တွေတက္ကသိုလ်အဖြစ် အသုံးပြုခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် စစ်တွေတက္ကသိုလ်မှ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးခဲ့သဖြင့် အ.ထ.က (၁) စစ်တွေ စာသင်ဆောင်အဖြစ် အသုံးပြုနိုင်ရန် ပြည်နယ် ပညာရေးရန်ပုံငွေထဲမှ တင်ဒါပိုလျှံသောငွေ အပါအဝင် ခေါင်းစဉ် ၇ ခုဖြင့် ဌာနအတွင်းရှိသည့် ငွေများကို ခေါင်းစဉ်လွှဲပြောင်း သုံးစွဲခွင့်ပြုရန် အခြေခံပညာဦးစီးဌာနကို တင်ပြပြီး ဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ကြားသိရသည်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလက  ရခိုင်ပြည်နယ်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတခုကို တင်ဒါပေးခဲ့ရာ ကျပ်သိန်းနှစ်ထောင်ကျော် အကုန်အကျခံခဲ့ပြီး အပေါ်ယံ ဆေးဆိုးပန်းရိုက်ပြုပြင်ခြင်း ပြီးစီးသွားသဖြင့် ၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင် ထိုအဆောက်အဦအား ပြည်နယ်ပညာရေးမှူးရုံးသို့ အပ်နှံခဲ့ခြင်း ပြီးစီးမှ အန္တရာယ်ရှိသော အဆောက်အဦဆိုပြီး ဖြစ်လာရခြင်းပါ။

စာရေးသူ၏ ညီမတို့ တက္ကသိုလ်ကျောင်းသူဘဝ လွန်ခဲ့သော နှစ် (၂ဝ) ကျော်က စစ်တွေတက္ကသိုလ် စာသင်ဆောင်တခု ပြိုပျက်မှု ဖြစ်ပွားခဲ့သည့်အတွက် ကျောင်းသူ၊    ကျောင်းသားများ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်ကို ကြားသိလိုက်ဖူးသည်။ ထိုအချိန်ကာလသည် စစ်အစိုးရခေတ်လက်ထက် ဖြစ်နေသလို စစ်တွေတက္ကသိုလ်သည်လည်း ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးပညာပေးနိုင်သော တခုတည်းသောနေရာ ဖြစ်နေသဖြင့် အန္တရာယ်ရှိသော အဆောက်အဦဟူ၍ မည်သူမျှ ပြောဆိုနိုင်စွမ်း မရှိခဲ့ကြပါ။

စစ်အစိုးရလက်ထက်က မြန်မာတပြည်လုံး အတိုင်းအတာနှင့်အညီ တက္ကသိုလ်ဆိုလျှင် မြို့အပြင်မှာ ရှိနေရမည် မူဝါဒအတိုင်း စစ်တွေတက္ကသိုလ် ကျောင်းဆောင်သစ်ကို စစ်တွေမြို့အစွန် ဘုမေကျေးရွာတွင် တည်ဆောက်ဖွင့်လှစ်ထားပြီး ဖြစ်သောကြောင့် ၂ဝ၁၆ ခုနှစ်တွင် စစ်တွေတက္ကသိုလ်အဟောင်းကို အခြေခံပညာဦးစီးဌာန၊    ရခိုင်ပြည်နယ် ပညာရေးမှူးရုံးသို့ လွှဲပြောင်းပေးထားပြီး ဖြစ်သည်။ ဤအဆောက်အဦကြီးအား မူရင်းပိုင်ရှင် အ.ထ.က (၁) စစ်တွေသို့ ပြန်လည်လွှဲပြောင်းပေးဖို့ (Government High School) အ.ထ.က (၁) စစ်တွေ ‘ကျောင်းသားဟောင်းကြီးများနှင့် ယခင် မြို့မိမြို့ဖအဖွဲ့’ တို့က တောင်းဆိုခဲ့ကြသလို ဒေသကောလိပ်၊    ဒီဂရီကောလိပ်နှင့် စစ်တွေတက္ကသိုလ်အဖြစ် အသုံးပြုခဲ့သော အဆောက်အဦကို တက္ကသိုလ်ကျောင်းသားဟောင်းများကလည်း အ.ထ.က (၁) စစ်တွေအဖြစ် အသုံးမပြုဖြစ်ခဲ့လျှင် အခြားနည်း(ရုံး) အဖြစ် အသုံးမပြုသင့်ဘဲ တက္ကသိုလ်နှင့် သက်ဆိုင်သည့် ပရိဝုဏ်တခုအဖြစ် ထားရှိစေချင်ကြသလို သမိုင်းဝင်အဆောက်အဦ အဖြစ်သာ အသုံးပြုဖို့ လိုလားနေကြပါသည်။

စစ်တွေမြို့၌ ကိုလိုနီခေတ်ကတည်းက High School လို့ ခေါ်ကြသည့် ‘အ.ထ.က (၁) စစ်တွေ’ နောက်ပိုင်းနှစ်များတွင် ဒေသကောလိပ်၊ စစ်တွေဒီဂရီကောလိပ်၊    စစ်တွေတက္ကသိုလ်ဆိုပြီး အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပြီး ယခုအခါ စာသင်ဆောင်အဖြစ် အသုံးပြုရန် အန္တရာယ်ရှိသည်ဟု ပြောနေကြသည့် အဆောက်အဦမှ ရခိုင်တိုင်းရင်းသား ပညာတတ်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ကိုလိုနီခေတ်ဦးကတည်းက ICS ပဋိညာဉ်ခံ နိုင်ငံတော်ဝန်ထမ်းစာမေးပွဲများ၌ အင်္ဂလိပ်များနည်းတူ ထူးချွန်စွာ အောင်မြင်သူများကိုလည်း များစွာ မွေးထုတ်ပေးနိုင်ခဲ့သော ကျောင်းတော်ကြီးပါ။ ဒေသကောလိပ်၊ စစ်တွေဒီဂရီ၊ စစ်တွေတက္ကသိုလ်အဖြစ် ရှိနေစဉ်တုန်းကလည်း ဆရာဝန်၊ အင်ဂျင်နီယာ စသော အရာရှိများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည့် ကိုလိုနီအမွေလက်ကျန် ရှေးဟောင်းသမိုင်းဝင်  စာသင်ကျောင်းတကျောင်း ဆိုလျှင်လည်း မမှား။ ‘အ.ထ.က (၁) စစ်တွေ’ အချိန်အခါတွင်လည်း အရာရှိကြီး၊ သူဌေးသူကြွယ်များ၊ ဝန်ထမ်းကုန်သည်၊ ဆင်းရဲချမ်းသာ လူတန်းစားအမျိုးမျိုး စရိုက်အထွေထွေ ဖြစ်လာကြမည့် လူငယ်များကို ဆုံးမသွန်သင် ပညာသင်ကြားပေးခဲ့သော ကျောင်းတော်ကြီးကို သိန်းနှစ်ထောင်ကျော် အကုန်အကျခံ ပြင်ဆင်ပြီးမှ ယခုအချိန်တွင် အန္တရာယ်ရှိသော အဆောက်အဦအဖြစ် တံဆိပ်ကပ်ခံလိုက်ရပါပြီ။

စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘဝ စစ်တွေတက္ကသိုလ်သည် တခါတုန်းက ရင်ထဲကတက္ကသိုလ် ဖြစ်ခဲ့ဖူးသည်။ ရခိုင်ပြည်နယ်တွင် တခုတည်းရှိသော တက္ကသိုလ် ဖြစ်သည့်အလျောက် ရခိုင်ပြည်နယ် တနံတလျားမှ ကျောင်းသူ၊ ကျောင်းသားများနှင့် သူငယ်ချင်းဖြစ်ခွင့်ရခဲ့သည်။ ထိုတက္ကသိုလ်တွင် ပျော်ရွှင်ဖွယ်၊ လွမ်းမောဖွယ်၊    ဝမ်းနည်းဖွယ်များလည်း ရှိခဲ့ဖူးသည်။ ထိုသို့ အမှတ်တရများစွာထဲ အမျိုးသမီး အဆောင်များ ဖြစ်ကြသည့် ‘ပိုးဝါဆောင်၊ စောပြည့်ညိုဆောင်’ မှ ပိုးပန်းခဲ့သော ကျောင်းသူများစွာ ပါဝင်ခဲ့သလို နှစ်ကိုယ်တူထိုင်ပြီး ကြည်နူးနေခဲ့ဖူးသော တက္ကသိုလ်ကျောင်းဝင်းထဲမှ ညောင်ညိုပင်ကြီးလည်း အပါအဝင် ဖြစ်သည်။

ဒေသကောလိပ်၊ ဒီဂရီကောလိပ်နှင့် စစ်တွေတက္ကသိုလ် ဖြစ်ခဲ့ဖူးသော အဆောက်အဦကို အန္တရာယ်ရှိသည့် အဆောက်အဦဟု ပညာရေးဌာန တာဝန်ရှိသူများက ပြောဆိုနေကြသော်လည်း ယင်းနေရာတွင် တက္ကသိုလ်ကျောင်းသား၊    ကျောင်းသူဟောင်းများ၏ စာသင်နှစ်အလိုက် အာစရိယ မြတ်ဆရာပူဇော်ပွဲများ စည်ကားသိုက်မြိုက်စွာ နှစ်စဉ် ကျင်းပနေကြဆဲ ဖြစ်သည်။

အချုပ်အားဖြင့် ပြောရမည်ဆိုပါလျှင် နှစ်ပေါင်း ၁၃၄ နှစ် ကြာနေပြီဖြစ်သော အဆောက်အဦတခုကို ပြန်လည်ပြုပြင်မွမ်းမံသော်လည်း ထိုအဆောက်အဦ၏ ဆောက်ခါစ မူလအခြေအနေ ကြံ့ခိုင်မှုမျိုးကို ဘယ်လိုမှ ပြန်မရနိုင်သည်ကတော့ ဓမ္မတာ အမှန်တရား တခုပါ။ သို့ဖြစ်၍ ပြန်လည်ပြုပြင်ခဲ့သော တင်ဒါအောင်သည့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးမြင့်ဌေး ပြောထားသည်မှာ သူတို့ ပြန်လည်ပြုပြင်ထားသော အခြေအနေသည် သူ့ဝန်နှင့်သူ့အား တန်ရုံ အသုံးပြုမည်ဆိုပါက နောက်ထပ် နှစ်ပေါင်း ၅ဝ အချိန်အတိုင်းအတာအထိ အသုံးပြုလို့ရနိုင်ကြောင်း သူ၏ Facebook Wall ပေါ်မှာ တင်ထားသည်ကို ဖတ်လိုက်ရပါသေးသည်။ နောက်တခုက စာသင်ဆောင်အဖြစ် အသုံးပြုလို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စစ်တွေတက္ကသိုလ်အဖြစ် အသုံးပြုခဲ့သော ကျနော့်ရင်ထဲက တက္ကသိုလ်သည် ရှေးဟောင်းအမွေအနှစ် အဆောက်အဦ ဖြစ်နေသောကြောင့် သမိုင်းပေးတာဝန်အနေနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေနှင့် အကြီးစား တည်ဆောက်ပြုပြင်ရေးလုပ်ငန်းကို ဆက်လက်၍ ထိန်းသိမ်းလုပ်ဆောင်သင့်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။

အောင်ကြည်မိုး(စစ်တွေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013