
ဂန့်ဂေါခရိုင် စစ်ဌာနလက်အောက်မှာ ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အမှတ် ၁၊ ၁၈၊ ၁၉ တပ်ရင်းက ရဲဘော်တွေဟာ ယောလွတ်မြောက်ရေးတပ်တော် (YLA) ကို တည်ထောင်လိုက်တယ်လို့ စက်တင်ဘာ ၅ ရက်မှာ ကြေညာပါတယ်။
YLA ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယောဒေသအရေးကို မိမိတို့ကိုယ်တိုင် ပုံဖော်နိုင်ဖို့၊ စစ်ရေးအရ ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့နဲ့ တခြား တော်လှန်ရေးအဖွဲ့တွေနဲ့ ပိုမိုကျယ်ပြန့်စွာ မဟာမိတ်ပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အခုလို သီးခြားရပ်တည်ရတာဟာ NUG/MOD ဦးဆောင်မှုကို အယုံအကြည်မရှိတာနဲ့ ပဋိပက္ခဖြစ်တာတို့ကြောင့် လုံးဝမဟုတ်ဘဲ ယောဒေသတွင်း တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ပိုအာရုံစိုက် လုပ်ဆောင်လိုတာကြောင့်ပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း မင်းတပ်နယ်နဲ့ ကျောက်ထုနယ်တို့မှာ MOD လက်အောက်ခံ တပ်ရင်းတွေ၊ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်နေပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။











