DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
July 19, 2018
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
Donate to DVB

 

ဒီတပတ်ရဲ့ဒီဗွီဘီရဲ့Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

မူဗွီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ ဟောလိဝုဒ် Adventure, Sci-Fi ပရိသတ်တွေအတွက်ပါ။ Occupation လို့ အမည်ရပါတယ်။

ဒီကားကိုတော့ ဒါရိုက်တာ Luke Sparke က ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအခြေတည်တဲ့ သြစတေးလျနိုင်ငံ မြို့ငယ်လေးတမြို့ဟာ ရုတ်တရက်ပဲ မှောင်အတိကျသွားခဲ့တယ်။ ကောင်းကင်မှာလည်း အာကာသယာဉ်အုပ်စုတန်းကြီး ပေါ်လာခဲ့တယ်။ တခြားကမ္ဘာက ဂြိုဟ်သားတွေဟာ လူသားတွေ နေထိုင်တဲ့ ကမ္ဘာကြီးကို ရာစုနှစ်ပေါင်း များစွာကတည်းက စောင့်ကြည့်နေခဲ့ကြတာပါ။ ခုချိန်မှာတော့ သူတို့ဟာ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာပြီး ထိန်းချုပ်မှုတွေလုပ်ဖို့ ကြိုးစားလာကြတယ်။ ဒီအချိန်မှာ မြို့ခံလူသားတွေဟာ ဒီအန္တရာယ်ကနေ ဘယ်လိုလွတ်မြောက်အောင် တုံ့ပြန်တိုက်ခိုက် ကာကွယ်ကြမလဲဆိုတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ သြစတေးလျသရုပ်ဆောင် မင်းသား Dan Ewing ၊ နယူးဇီလန်မင်းသား Temuera Morrison တို့နဲ့အတူ ကနေဒီယန်ဖွား သြစတေးလျမင်းသမီး Rhiannon Fish တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rate 5.7 ရရှိထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ သန်း အကုန်အကျခံ ရိုက်ကူးထားပြီး ဇာတ်ဝင်ခန်းတွေထဲမှာ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ Rated R အဆင့် သတ်မှတ်ထားပါတယ်။

ဒီကားကိုတော့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။

ဒုတိယတကား မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ လူငယ်ကြိုက် အဆိုတော် သရုပ်ဆောင်မင်းသား လွှမ်းပိုင်နဲ့ မင်းသမီး အိချောပိုတို့ ခေါင်းဆောင် ပါဝင်ထားကြတဲ့ ကြွေ အမည်ရတဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။

ဒီကားကိုတော့ Bo Bo Film Production က စီစဉ်ပြီး နာမည်ကြီး စာရေးဆရာ မင်းလူရဲ့ ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ဝတ္ထုကို ဒါရိုက်တာ သားညီက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ခင်ရင်တင် ဆိုတာ ရန်ကုန်တက္ကသိုလ်မှာ အလှမယ်ဘွဲ့ရထားပြီး သူ့နောက်က တကောက်ကောက် လိုက်တဲ့ ယောက်ျားတွေကို ကစားစရာအရုပ်လို သဘောထား ပညာပေးတတ်တဲ့သူ။ နေမင်းမောင်ကတော့ နယ်ကနေ ရန်ကုန်တက္ကသိုလ် ရောက်လာခဲ့ပြီး ချစ်တဲ့သူဆီက အဖြေရဖို့ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ လုပ်မှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ပါ မျက်နှာပျက်ရတဲ့အထိ အချစ်ကြီးသူ၊ ကြိုးစားသူတယောက်အဖြစ် တက္ကသိုလ်နောက်ခံ မြင်ကွင်း ပုံရိပ်တွေနဲ့ အချစ်နဲ့ ဟာသရောသမမွှေ ရိုက်ကူးထားတာကို ရှုစားကြရမှာပါ။

ဒီဇာတ်လမ်းထဲမှာတော့ ချစ်သူရဲ့ မျက်နှာမညိုရအောင် အလိုဆန္ဒအတိုင်း ပုတ်သင်ညို တကောင်လို အရာရာ ခေါင်းညိတ် လုပ်ဆောင်ဖြည့်ဆည်းပေးမယ့် ဇာတ်ကောင် နေမင်းမောင် နေရာမှာ လွှမ်းပိုင်က ပါဝင်ထားခဲ့ပြီး တက္ကသိုလ်အလှဘုရင်မ ခင်ရင်တင် နေရာမှာတော့ အိချောပိုက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

ဒီကားကို အရင်က ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ဗွီဒီယိုအနေနဲ့ ရိုက်ကူးထားခဲ့ဖူးပြီး လူမင်းနဲ့ နန္ဒာလှိုင်တို့က သရုပ်ဆောင်ထားခဲ့ကြတာမို့ ဒီကားက အရင်ကားကို မီ၊ မမီ ဆိုတာကတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီရုပ်ရှင်ကားဟာ မထွက်လာခင်ကတည်းက ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေ မြင့်တက်နေပြီး တေးရေး အဆိုတော် ဝန ရေးစပ်ပြီး အဆိုတော် ဆိုင်းမိုင်း သီဆိုထားတဲ့ နောက်ဆုံးအနမ်း အမည်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာလည်း ရေပန်းစားနေခဲ့တာပါ။

လွှမ်းပိုင်ဟာ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ဇာတ်ကားနဲ့ ပထမဆုံး ရုပ်ရှင်ထွက်ရှိထားပြီး ပရိသတ် အားပေးမှု ရရှိထားတာမို့ ဒုတိယမြောက်ကားဖြစ်တဲ့ ဒီကားမှာရော ဘယ်လို သရုပ်ဆောင်မှုတွေနဲ့ တွေ့မြင်ကြရမလဲ ဆိုတာကိုတော့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ ရုံတင်တဲ့အခါ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Kuntilanak အမည်ရတဲ့ အင်ဒိုနီးရှား ရုပ်ရှင်ကားတကားဖြစ်ပြီး သရဲကား ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။

ဒီကားကိုတော့ အင်ဒိုနီးရှား ရုပ်ရှင်ဒါရိုက်တာ Rizal Mantovani က ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Reality Show ပြိုင်ပွဲတခုမှာ အနိုင်ရရှိဖို့အတွက် ကလေးအုပ်စုတစုဟာ Kuntilanak ဆိုတဲ့ Indonesia ရိုးရာပုံပြင်ထဲက သရဲမ ဆိုတာ ရှိကြောင်း သက်သေပြဖို့အတွက် အိမ်အိုအဟောင်းကြီးတလုံးထဲကို လျှောက်ဝင်ကြည့်ကြတယ်။ ပျော်စရာကောင်းလိမ့်မယ် အထင်နဲ့ စွန့်စားခန်းထွက်မိကြတဲ့ ကလေးတွေဟာ အဲဒီအိမ်ကြီးထဲမှာ ပျော်စရာတွေအစား ထိတ်လန့်စရာတွေကို ကြုံတွေ့ရတော့တယ်။ အိပ်မက်ဆိုးကြီးလို မှန်အိုဟောင်းကြီးထဲကနေထဲကနေ Kuntilanak သရဲမကြီးဟာ တကယ်ထွက်လာပြီး သူတို့ကို ခြောက်လှန့်တဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရင်တထိတ်ထိတ်နဲ့ လျှို့ဝှက်သည်းဖိုဆန်ဆန် ထိတ်လန့်ဖွယ် ရှုစားကြရမှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ Bahasa Indonesia ဘာသာစကားကို အသုံးပြုထားပြီး English လို Subtitle ထိုးပေးထားတာ ဖြစ်ပါတယ်။

IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rate 5.9 ရရှိထားပြီး လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ ပြသနေတာဖြစ်ကာ မြန်မာနိုင်ငံမှာကတော့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ ‘ဝိုင်းကြီးချုပ် စပွန်ဆာ’ လို့ အမည်ပေးထားတဲ့ မြန်မာဟာသရုပ်ရှင်ကား ဖြစ်ပါတယ်။

ဒီကားကိုတော့ လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေးဆရာ အဆွေတော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

‘ဝိုင်းကြီးချုပ် စပွန်ဆာ’ဆိုတဲ့အတိုင်း အချစ်ဟာသ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လို ကမောက်ကမ ဖြစ်ရပ်တွေ၊ အလွဲအချော်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက စောင့်မျှော်ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ ခန့်စည်သူ၊ ဇေရဲထက်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျော်ကျော်နဲ့ တခြား ဟာသ သရုပ်ဆောင်တွေ အများကြီး ပါဝင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပြီး ရုပ်ရှင်ကားနမူနာကို ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းခွဲနီးပါးရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ မိသားစု အချစ် ဟာသဒရာမာ အမျိုးအစား ထိုင်းရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ Brother of the Year လို့ အမည်ရပါတယ်။

ဒီကားကိုတော့ ထိုင်းရုပ်ရှင်ဒါရိုက်တာ Witthaya Thongyooyong က ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။

Jane ဟာ အစ်ကိုဖြစ်တဲ့ Chut နဲ့ နေထိုင်တယ်။ သူ့အစ်ကိုဟာ ညီမအပေါ် အလွန်အမင်း ဂရုစိုက်တာကို သူက အမေတယောက်လို အမြဲဆူပူအော်ငေါက်နေတယ်လို့ သူက ထင်နေတယ်။ အဲဒီအချိန်မှာပဲ Jane ဟာ Moji ဆိုတဲ့ Thai-Japanese ကပြား ကောင်လေးတယောက်နဲ့ ချစ်သူဖြစ်လာချိန်မှာတော့ အခြေအနေဟာ ပိုရှုပ်ထွေးလာတယ်။ ဒီအကြောင်းကို အစ်ကိုဖြစ်တဲ့ Chut သိသွားလို့ မဖြစ်ဘူး။ Moji ကလည်း လက်ထပ်ဖို့ ajပာလာပြီး ဂျပန်ကို လိုက်ခဲ့ဖို့အထိ တောင်းဆိုလာတဲ့အခါ အစ်ကိုနဲ့ ချစ်သူကြား ဗျာများရပြီး ဘယ်လို ကမောက်ကမတွေ ဖြစ်လာမလဲဆိုတာကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ထိုင်းသရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ ဖြစ်ကြတဲ့ Sunny Suwanmethanont ၊ Urassaya Sperbund တို့က Chut နဲ့ Jane မောင်နှမ ၂ ဦးအဖြစ် ပါဝင်ထားကြပြီး သရုပ်ဆောင်မင်းသား Nichkhun ကတော့ မင်းသမီးရဲ့ ချစ်သူ Moji နေရာကနေ အတွဲညီညီ ပါဝင်ထားကြတာပါ။

ကြာမြင့်ချိန် ၁၂၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ထိုင်းဘာသာစကားကို အသုံးပြုထားပြီး English လို Subtitle ထိုးပေးထားတာ ဖြစ်ပါတယ်။ IMDb မှာ Rate 7.1 ထိရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ထိုင်းနိုင်ငံမှာ လက်ရှိ ရုံတင်ပြသနေပြီး မြန်မာနိုင်ငံမှာတော့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ပြသတော့မှာ ဖြစ်ပါတယ်။

Movie Crazy – DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇း၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။

ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉း၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy – DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013