DVB Logo
Home
မြန်မာသတင်း
မကရင်မအမှု မတရားစွပ်စွဲခံရခြင်းဖြစ်ဟု အိမ်ရှင် တပ်မတော်အရာရှိ၏ ဇနီးထွက်ဆို
DVB
·
July 18, 2018
မကရင်မအမှု မတရားစွပ်စွဲခံရခြင်းဖြစ်ဟု အိမ်ရှင် တပ်မတော်အရာရှိ၏ ဇနီးထွက်ဆို
Donate to DVB

အိမ်အကူ မကရင်မ သေဆုံးမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရတဲ့ ​အိမ်​ရှင်​ တပ်မတော်အရာရှိရဲ့ ဇနီး ဒေါ်သိင်္ဂီစုက သူ့ အပေါ် မတရားစွပ်စွဲတာဖြစ်ပြီး အမှုကိုအမြန်ဆုံး စစ်ဆေး ဆုံးဖြတ်ဖို့ တရားသူကြီးကို တောင်းဆိုခဲ့ပါတယ်။

အိမ်​အကူ မကရင်​မ​သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ရုံးချိန်မှာ တရားလိုဘက်ကို စတင်စစ်ဆေးခဲ့ပြီး  တရားစွဲဆိုခံရသူဘက်က တရားသူကြီးကို အခုလို တောင်းဆိုသွား တာလို့ တရားခွင်ကို သွားရောက်ခဲ့တဲ့ ကိုဇော်ဝေက ပြောပါတယ်။

“ဒီကနေ့တော့ တရားလိုပြသက်သေကို စစ်ပါတယ်။ တရားရုံးနဲ့ပတ်သက်လို့တော့ နည်းနည်းပြောစရာရှိတာက ဒီကနေ့မှာ တရားသူကြီးက တချို့မေးခွန်းတွေကို မမေးခိုင်းဘူးဗျာ။ မသိင်္ဂီစုက နောက်ဆုံးမှာပြောသွားတာက  ဒီအမှုကို သူက မတရားစွပ်စွဲခံထားရတာဖြစ်တဲ့ အတွက် မြန်မြန်ပြီးအောင်လို့ မြန်မြန်စစ်ပေးပါလို့ တရားသူကြီးကို ပြောခဲ့တာရှိပါတယ်။”

ဒီကနေ့ ရုံးထုတ်မှာလည်း တရားစွဲခံထားရသူဟာ လုံခြုံရေးအပြည့်အစုံနဲ့ မျက်နှာကို  အထပ်​ထပ်​ကာထားတယ်လို့ လည်း ပြောပါတယ်။

ဒီမှုနဲ့ပတ်သက်ပြီး ​နောက်​တပတ်​ရုံးချိန်းကို​တော့ ဇူလိုင် ၂၅ ရက်​ကို ထပ်​မံ ချိန်းဆို ထားပါတယ်​။

ပြီးခဲ့တဲ့ ​မေလထဲမှာ တွံ​တေးမြို့နယ်​၊ အုတ်​ဖို​ကျေးရွာက အသက်​ ၃၅ နှစ်​အရွယ်​ မကရင်​မကို အိမ်​ရှင်​ဖြစ်​သူ ​ဒေါ်သိင်္ဂီစုက သူ့အိမ်​က​နေ ရွာကိုပြန်​လည်​ပို့​ဆောင်​ပြီး နာရီပိုင်း အတွင်းမှာပဲ မကရင်​မ​ သေဆုံးခဲ့တာပါ။

မကရင်​မ မ​သေဆုံးခင်​မှာ ဒေါ်သိင်္ဂီစုက သူ့ကို ညှဉ်းပန်းနှိပ်​စက်​ခဲ့တယ်​လို့ ​ကျေးရွာ လူကြီး​တွေကို​ ပြောဆိုခဲ့တာ​ကြောင့် ကျေးရွာလူကြီး​တွေက တရားလိုပြုလုပ်​ပြီး အိမ်​ရှင်​ဖြစ်​သူ ကို တရားစွဲဆိုခဲ့ကြတာပါ။

သေဆုံးသူ မကရင်​မမှာ သားသမီး​လေးဦးကျန်​ခဲ့ပြီး လက်​ရှိမှာ​တော့ လူမူဝန်​ထမ်း ဦးစီးဌာနက က​လေး​တွေကို ​ခေါ်ယူ​စောင့်​ရှောက်​ထားပါတယ်​။

လက်​ရှိမှာ တပ်​မ​တော်​အရာရှိတဦးရဲ့ ဇနီးဖြစ်​ပြီး ဥပ​ဒေအရာရှိဖြစ်​တဲ့ ​ဒေါ်သိင်္ဂီစုကို အိမ်​အကူ မကရင်​မ​သေဆုံးမှုနဲ့ ပတ်​သတ်ပြီး လူသတ်​မှု ပုဒ်​မ ၃၀၂ နဲ့ တရားစွဲပြီး စစ်ဆေးနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013