
ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုနဲ့ အရေးယူ ပေးဖို့ တိုင်တန်းတဲ့ အမှုမှာ မှန်ကန်မှု မရှိတဲ့အတွက် လိမ်လည်တိုင်တန်းသူ ဒေါ်ခင်မာမြင့်နဲ့ ခိုင်းစေသူ ဒေါ်ညိုတို့ကို ဖမ်းဆီးအရေးယူလိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန် အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အသက်(၇၅)နှစ် အရွယ်ရှိဒေါ်ဇင်မာဦးရဲ့ မိခင်ဖြစ်သူအား ပြုစုဖို့ အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်ကို အခင်းမဖြစ်မီ (၈)ရက်လောက်က ခေါ်ယူထားရှိခဲ့ရာ ၁၃-၇-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့ သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်ကို သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အမှုမှန်ဖော်ထုတ်ရရှိရေး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြီးကြပ်ပြီး အထူးအမှုစစ် အဖွဲ့ ဖွဲ့စည်းခဲ့ပြီး အထူးအမှုစစ်အဖွဲ့မှ တရားလို ခင်မာမြင့် (ခ) ညိုညို(ခ) ဇင်မာမြင့်ကို သက်သေတွေနဲ့အတူ စစ်ဆေးဆောင်ရွက်ခဲ့ရာ ခင်မာမြင့်မှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် မိသားစုစားဝတ်နေရေး အဆင်မပြေတဲ့အတွက် အိမ်အကူ လုပ်ဖို့ ဒေါ်ညိုနဲ့ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိမ်အကူလုပ်ပြီး အိမ်ရှင်ယောက်ျားတွေကို မြူဆွယ်ပြီး မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ဖို့နဲ့ အမှုဖြစ်ပါက ငွေကြေးညှိနှိုင်းတဲ့ ကိစ္စကို ဒေါ်ညိုက တာဝန် ယူဆောင်ရွက်မှာဖြစ်ကြောင်း ပြောဆိုပြီး ရရှိတဲ့ငွေကြေးကို ခွဲဝေသုံးစွဲမယ်လို့ သင်ကြားပေးခဲ့ပါတယ်။
ဒါ့အပြင့် ဒေါ်ခင်မာမြင့်ဟာ ပဲခူးမြို့၊ ပန်းလှိုင် ၂၁ လမ်းမှာရှိတဲ့ ဦးမင်းမင်း၊ ဒေါ်ဝင်းမာမြင့်တို့အိမ်မှာ အိမ်အကူလုပ်နေချိန် အိမ်ရှင်ရဲ့လူယုံဖြစ်သူ အောင်နိုင်ထွန်း (၂၈)နှစ်က အဓမ္မပြုကျင့် ခဲ့တာဆိုပြီး ပဲခူး အမှတ် ၃ ရဲစခန်းမှာ အမှုဖွင့်ထားပါသေးတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုနဲ့ အရေးယူဖို့ တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နဲ့ ဒေါ်ညိုတို့ပူးပေါင်း လီဆယ်တိုင်တန်းခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိတဲ့အတွက် ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။။











