DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် ထက်ဝက်ကျော် လျှော့ကျသွား
DVB
·
July 17, 2018
ရခိုင်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် ထက်ဝက်ကျော် လျှော့ကျသွား
Donate to DVB

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးရေ တဝက်နီးပါး လျှော့နည်းသွားတယ်လို့ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အရင်က ပါတီဝင် အရေအတွက်   ၁၂၀,၀၀၀ လောက်ရှိရာကနေ လက်ရှိ အချိန်မှာတော့ ပါတီဝင် ၆၀,၀၀၀ ကျော်လောက်ပဲရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေကပြောပါတယ်။

“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ ကျနော်တို့ ပါတီဟာ သိတဲ့အတိုင်းပါပဲ၊ ရခိုင်ပြည်နယ်မှာဆိုရင် လေးနေရာပဲနိုင်ပါတယ်။ တခြားနေရာတွေကတော့ ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ပါတီဝင်တွေ စိတ်ဓာတ်ခွန်အားကျဆုံးတာအမှန်ပါပဲ။ အဲ့ဒါတော့ ကျနော် ပွင့်ပွင့်လင်းလင်းဝန်ခံပါရစေ။ ကိန်းကဏန်းအရ ဖော်ပြရမယ်ဆိုရင်တော့ ရခိုင်မှာ ပါတီဝင် ၆ သောင်းကျော်ပဲရှိတော့တယ်။ အရင်တုန်းကတော့ ၁ သိန်း ၂ သောင်း ပတ်ဝန်းကျင်လောက်ရှိပါတယ်”လို့ပြောပါတယ်။

ရခိုင်မှာ ပါတီဝင်တွေအခုလို လျှော့ကျဆင်းသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ပါတီဝင်တချို့ နေရာဒေသရွေ့ ပြောင်းသွားတာကြောင့်လည်း ပါဝင်တယ်လို့ ဒေါက်တာစန်းရွှေက ဆိုပါတယ်။

“ပါတီဝင်အင်အားစိစစ်ရေးလုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်ခဲ့ပါတယ်။ မိမိပါတီကို တကယ် အားပေးနိုင်တဲ့ ပါတီဝင်လား၊ ယုံကြည်နိုင်တဲ့ပါတီဝင်လား၊ အမှန်တကယ်ရရှိလာဖို့ အခုအချိန်မှာတော့ ပါတီအင်အားကျဆင်းသွားတာ ကတော့အမှန် တကယ်ပါပဲ။ နောက်တခုက လည်းကျနော်တို့ရဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အစိုးရ မဖွဲ့စည်းနိုင်တဲ့အကြောင်း တရပ်လည်းပါတယ်။ ကျနော်တို့ ပါတီဝင်တွေရဲ့ နယ်မြေဒေသရွှေ့ပြောင်းသွားတာလည်း ပါပါတယ်။ ဥပမာ ဖားကန့်တို့၊ တခြား နိုင်ငံရပ်ခြားတို့ကို အလုပ်အကိုင်သွားလုပ်ကြတာလည်း ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ပါတီဝင်တချို့ကလည်း ပါတီကို စိတ်ဝင်စားမှုနည်းပါးလာပြီး ပါတီကို မဝင်တော့ဘဲ ပါတီကိုသာဝိုင်းရံဖို့ ပါတီဝင်အဖြစ်ကနေ ထွက်သွားသူတွေလည်း ရှိတယ်လို့ ဒေါက်တာစန်းရွှေက ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော်မှာ ၁၇ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်မှာ ၃၄ နေရာ ဝင်ပြိုင်ခဲ့ပြီး ၄ နေရာသာ အနိုင်ရှိခဲ့တာပါ။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013