DVB Logo
Home
မြန်မာသတင်း
ကျား၊ မ တန်းတူညီမျှရေးကို ပြည်ထောင်စု သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆို
DVB
·
July 17, 2018
ကျား၊ မ တန်းတူညီမျှရေးကို ပြည်ထောင်စု သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆို
Donate to DVB

ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေး အပါအဝင် ကျား၊ မ ခွဲခြားဆက်ဆံမှု မရှိစေရေးနဲ့  တန်းတူညီမျှရေးအတွက် ပြည်ထောင်စု သဘောတူစာချုပ်မှာ ကတိပြု ထည့်သွင်းချုပ်ဆိုထားပါတယ်။

နေပြည်တော်မှာ မနေ့က ကျင်းပပြီးစီးသွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးမှာ အတည်ပြုထားတဲ့ သဘာတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူညီစာချုပ်၏ အစိတ်အပိုင်း ၂ အဖြစ် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဲဒီသဘောတူစာချုပ်ရဲ့ နိုင်ငံရေးကဏ္ဍ အခြေခံမူ ၄ ချက်ထဲမှာ ကျား၊ မ တန်းတူရေးနဲ့ ပတ်သက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ မည်သည့်နိုင်ငံသားကိုမျှ ကျား၊ မ ဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှု မရှိစေရေးနဲ့ တန်းတူညီမျှမှု ရရှိစေရေးအတွက် မူဝါဒ ချမှတ်ရမယ်လို့ ပါရှိပါတယ်။

ဒီလို ကျား၊ မ တန်းတူရေး သဘောတူညီချက် ချုပ်ဆိုနိုင်တဲ့အပေါ်  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ မိဆူးပွင့်က “အနည်းဆုံး အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေးအတွက် မူဝါဒတွေ ချမှတ်ပေးရန် ဆိုတာမျိုးကို လိုချင်တာပေါ့။ ဒါပေမယ့် အားပေးရန်ဆိုတဲ့ အချက်လောက်ပဲ ဒီအစုအဖွဲ့ အသီးသီးမှာပါတဲ့ အများစုရဲ့ အမြင်က ဒီလောက်ဆို လုံလောက်တယ်၊ ဒီအချက်ကို ကိုင်ထားပြီးတော့ အစိုးရအနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်လို့ရတဲ့ အပိုင်းတွေ အများကြီးရှိတယ် ဆိုတာမျိုးပေါ့နော်။ ဆိုတော့ အဲဒီအပေါ်မှာ တကယ့် ကျား၊ မ တန်းတူရေး နားလည်ပြီးတော့ တောက်လျှောက် ကြိုးစားလာတဲ့ အမျိုးသမီးတွေအနေနဲ့ ကြည့်ရင်တော့ နည်းနည်းလေးတော့ အားမလိုအားမရ ဖြစ်တာမျိုးတွေ ရှိတာပေါ့နော်။”

ဒါပေမယ့်  လူမှုရေးကဏ္ဍအောက်မှာ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေကို လုပ်တဲ့အခါမှာ ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်း အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်းက မူဝါဒချမှတ်တဲ့ နေရာမှာကော လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့ နေရာမှာပါ ပါဝင်စေဖို့ စာချုပ်မှာ ထည့်သွင်းထားတဲ့အပေါ် အားရကြောင်းလည်း ပြောပါတယ်။

“နိုင်ငံရေးကဏ္ဍမှာကျတော့ ဆွေးနွေးပွဲအနေအထားရ စကားလုံးတွေ တချို့ လျှော့ပေးလိုက်ရပေမယ့် အခုကတော့ တကယ့်ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ တကယ် အောက်ခြေမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေ ချန်လှပ်ထားခြင်း မခံရအောင် ဒီလိုအချက်တွေ ထည့်သွင်းတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ စာလုံးအတိုင်းပဲ ပြန်ရလာတာတွေလည်း ရှိတာပေါ့။ ဒီလိုတွေ ပြန်ချိန်ဆကြရတယ်။ အဲလို ချိန်ဆရတဲ့ နေရာမှာ အခုနကပြောသလိုပဲ အမျိုးသားတွေ အများကြီးက တက်လာပြီးတော့မှ ကျား၊ မ တန်းတူရေး ဆိုတာ ဘာလဲပေါ့။ အစပိုင်းကတော့ ကျား၊ မ တန်းတူရေးလို့ ပြောလို့ရှိရင် အပြစ်မြင်တဲ့ဘက်ကနေ ရှုမြင်ကြတာ များတယ်ပေါ့နော်။ အခုချိန်မှကျတော့ အများကြီးပဲ ဘာကို ပြောချင်သလဲဆိုတာ နားလည်လာကြတဲ့ သဘောပေါ့နော်။ ဒါကိုတော့ တွေ့လာရတာပေါ့။”

ပြည်ထောင်စု သဘောတူစာချုပ်ထဲမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ ကျား၊ မ ရေးရာ အခြေပြုအကြမ်းဖက်မှုတွေကို ကာကွယ်နိုင်တဲ့ မူဝါဒတွေ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း ပါဝင်တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးသမဂ္ဂ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းစဉ် တာဝန်ခံ နော်ဟဲလေဖောကတော့ ဒီသဘောတူညီချက်ထဲက ကဏ္ဍအသီသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်ဆိုတဲ့ စကားလုံးဟာ အာမခံချက်မရှိဘူးလို့ ပြောပါတယ်။

“ပြောရမယ်ဆိုလို့ရှိရင် ဒါက ခိုင်မာမှုမရှိဘူး။ ပြီးတော့ အာမခံချက်မရှိဘူးပေါ့နော်။ အားပေးရန် ဆိုတဲ့ စကားလုံးက ဒါက မူမဟုတ်ဘူး။ ဒါက ACTION ဖြစ်တယ်။ ကဏ္ဍ အသီးသီးတွင်အမျိုးသမီးများအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေး လုပ်ဆောင်သွား ရန်ဆိုပြီး တောင်းဆိုထားတာရှိတယ် ဒါပေမယ့် မရလိုက်ဘူးပေါ့နော်။ အရင်တုန်းကချထားတဲ့ UPDJC ကအတိုင်းပဲ ပြန်ရလာတဲ့ဟာဆိုတော့ ကျမတို့ အမျိုးသမီးတယောက်အနေနဲ့ ဒီအချက်အပေါ်မှာ အားမရဘူးပေါ့နော်။”

ကျား၊ မဆိုင်ရာ တန်းတူညီမျှမှုကို အထောက်အကူပြုစေဖို့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရမယ်လို့လည်း သဘောတူစာချုပ်မှာ ထည့်သွင်းချုပ်ဆို ထားပါတယ်။

အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေ မနေ့က သဘောတူ လက်မှတ်ရေးထိုးလိုက်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)ထဲမှာ နိုင်ငံရေးကဏ္ဍ အခြေခံမူ (၄)ချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူ ၁ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ ၂ ချက်နဲ့  လူမှုရေးကဏ္ဍအခြေခံမူ ၇ ချက် စုစုပေါင်း ၁၄ ချက် ပါဝင်တယ်။

ဓာတ်ပုံ-WLB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013