DVB Logo
Home
မြန်မာသတင်း
ပင်စင်နီး ဆရာဆရာမများကို ဦးစားပေး လစာတိုးပေးမည်
DVB
·
July 17, 2012
ပင်စင်နီး ဆရာဆရာမများကို ဦးစားပေး လစာတိုးပေးမည်
Donate to DVB

အခြေခံပညာ ဆရာ၊ ဆရာမတွေကို လခတိုးပေးတဲ့နေရာမှာ အသက် ၆၀ ပြည့်ခါနီး ပင်စင်နီးနေတဲ့ မူလတန်းကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေကို ဦးစားပေး တိုးပေးသွားမယ်လို့ သိရပါတယ်။

မူလတန်းကျောင်းအုပ်တွေကို လာမယ့်ဩဂုတ်လကုန် စက်တင်ဘာလ လောက်မှာ လခတိုးပေးဖို့ အစိုးရအဖွဲ့ထံက ခွင့်ပြုချက်ကျပြီး ဖြစ်ကြောင်း၊ ပထမဦးစားပေးအနေနဲ့ ပင်စင်နီးနေတဲ့ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေကို အရင်တိုးပေးမယ်လို့ ပညာရေးစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက ပြောပါတယ်။

“ပထမဆုံးကတော့ ပင်စင်နားနီးတဲ့သူတွေကိုတော့ ပထမဆုံးပေါ့။ မူလတန်းကျောင်းအုပ်တွေ အရင်ဆုံး ပင်စင်နားနီးနေတာကို။ သူတို့ကို မရမှာစိုးလို့ ပထမဦးစားပေး ဖြစ်သွားတာပေါ့။ ကျန်တာတွေက နောက်ပိုင်းတော့ တဖြည်းဖြည်း ပေးသွားမှာပေါ့။ ဒီနှစ်တော့ ကိုယ့်ရှိတဲ့ နိုင်ငံတော်ကရတဲ့ ဘောင်အတွင်းထဲကပဲ ပေးမှာကို။ ဒီနှစ်အတွက်တော့ နိုင်ငံတော်ကနေ ထပ်မတောင်းတော့ဘူး ပြောထားတယ်။ နောက် နှစ်တွေကျရင်တော့ ပိုပေးနိုင်မယ့် သဘောပေါ့။ အဓိကကတော့ ငွေပေးတာက လွယ်တယ်လေ။ ဘတ်ဂျက်က ချိန်ရသေးတာကိုး။ တိုးတော့ တိုးပါတယ်။ ဒီနှစ်လည်းပေးနိုင်မှာပါပဲ။ သို့ပေမယ် နောင်နှစ်တော့ ပိုပြီးပီပြင်လာမှာပေါ့။”

ဒီနှစ်ထဲ မူလတန်းကျောင်းအုပ် ဆရာဆရာမကြီးတွေ အပါအ၀င် မူလတန်းပြဆရာပေါင်း ၁ သောင်းခွဲ ၂ သောင်းလောက်ကို လခတိုးပေးဖို့ရှိပြီး လာ မယ့် ၄ နှစ်အတွင်း လက်ရှိရှိနေတဲ့ မူလတန်းပြဆရာ ဦးရေ ၆ သောင်းလောက်ကို လခတိုးပေးသွားမယ့်အပြင် အလယ်တန်းပြဆရာတွေအဖြစ် ရာထူးတိုး ပေးသွားမယ်လို့ ပြောပါတယ်။

လခတိုးပေးမယ့်ထဲ မူလတန်းပြဆရာတွေအပြင် အလယ်တန်းပြ ဆရာတွေနဲ့ အလယ်တန်းပြ ကျောင်းအုပ်ဆရာတွေလည်း ပါဝင်ပါတယ်။ ပင်စင်နီးတဲ့ ဆရာဆရာမတွေပြီးရင် ဆရာအတတ်ပညာနဲ့ လုပ်သက်ပေါ် မူတည်ပြီး လခတိုးပေးသွားမယ်လို့လည်း ဦးဘိုဝင်းက ပြောပါတယ်။

“စီနီယာတွေ ရှိတယ်လေ။ တချို့မူလတန်းပြတွေဆိုရင် လုပ်သက် ၁၄၊ ၁၅ နှစ်လောက်ရှိနေကြပြီလေ။ ဘွဲ့ရပြီးသား ဒီရာထူးတွေနဲ့ပဲ။ ဆရာအတတ်ပညာသင်တန်းတွေကလည်း ပြီးပြီပေါ့။ တခြားနေရာတွေလည်း မရွှေ့နိုင်တော့၊ ရာထူးတိုးနဲ့ တခြားနေရာမပြောင်းနိုင်ဘဲ သူ့ရပ်သူ့ရွာမှာနေတာကိုး။ ဒီလိုမျိုးကျတော့ လုပ်သက်ရင့်တယ်ဆိုလည်း နောက် သင်ကြားရေးမှာ သူကပြည့်စုံတယ်၊ ကျောင်းအုပ်က ထောက်ခံတယ်၊ သူတို့ဘက်က ကန့်ကွက်ရန်မရှိတာတွေကိုတော့၊ ဒါ အရည်အချင်းခြင်း တူရင် လုပ်သက်များတဲ့သူကို ဦးစားပေးရမှာပေါ့။ တဆင့်ခြင်းပေးသွားမှာပါ။”

မူလတန်းကျောင်းအုပ်တဦးကို အထက်တန်းပြဆရာတဦး လက်ရှိရတဲ့လစာနဲ့ ညီမျှတဲ့လစာ တိုးပေးသွားမယ်လို့လည်း ဆိုပါတယ်။

တိုးပေးမယ့် လခတွေအရ အလယ်တန်းကျောင်းအုပ်တဦး အခြေခံလခ ကျပ် ၁ သိန်း၊ မူလတန်း ကျောင်းအုပ် ၁ ဦး အခြေခံလခ ကျပ် ၅၉၀၀၀ ရရှိကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှားပါးစရိတ် ကျပ်သုံးသောင်းစီလည်း သီးခြားခံစားရရှိကြမှာ ဖြစ်ပါတယ်။

အခုလို အခြေခံပညာဆရာဆရာမတွေကို လစာတိုးပေးတာဟာ သင့်တော်တဲ့လုပ်ရပ်လို့ အငြိမ်းစား ကထိက ဆရာဒေါက်တာခင်မောင်ညိုက ခုလို သုံးသပ်ပြောကြားပါတယ်။

“လစာတိုးပေးတာ ၂ ချက်ရှိပါတယ်။ တဖက်က လစာတိုးသလောက် ကုန်ဈေးနှုန်းက လိုက်တက်နေရင်တော့ သိပ်အဆင်မပြေဘူး။ သို့သော်လည်း လစာတိုးပေးသင့်တယ်ဆိုတာကိုတော့ ကျနော်တို့အားလုံး လက်ခံသင့်တာပဲ။ တိုးလည်း တိုးပေးသင့်ပါတယ်။ အထူးသဖြင့် ပညာရေးဝန်ထမ်းတွေဟာ ပိုက်ဆံရအောင်ရှာရတယ်။ သိပ်မျက်နှာငယ်တယ်။ ဩဇာအာဏာမရှိတဲ့အတွက် သူတို့ကို လစာတိုးပေးတာ မှန်ကန်သင့်တော်တယ်လို့ ထင်ပါတယ်။”

နိုင်ငံတွင်း အခြေခံပညာနဲ့ အဆင့်မြင့်ပညာ နှစ်ရပ်ပေါင်း ဆရာဆရာမ သိန်းနဲ့ချီ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013