
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်က မြို့ပေါ်ရပ်ကွက်နေသူတွေကို သောက်သုံးရေ ပေးဝေနေတဲ့ မင်းလှကန်ရေကို သန့်စင်ပြီး ဖြန့်ဝေဖို့ ဂျပန်ကုမ္ပဏီ တစ်ခုက လုပ်ဆောင်ပေးဖို့ရှိနေပါတယ်။
မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်က “ဒီနေ့ ဂျပန် နှစ်ယောက် လာသွားတယ်။ မင်းလှကန်ကနေ မြို့ပေါ်ရေပေးနေတာ၊ ရေသန့်စင်ပြီးမှ ပေးဖို့အတွက် လာတာပါ။ မင်းလှကန်ရေကို ဓာတ်ခွဲလာတယ်တဲ့။ pH ၈ ဒသမ ၈ ရှိတယ်ဆိုတယ်။ ဒါတွေက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး လုပ်နေတာပါ။ စည်ပင်အနေနဲ့တော့ ဘတ်ဂျက်ငွေတွေကို ရေသန့်စင်တဲ့ဘက်မှာ သုံးဖို့ခက်နေပြီး လျာထားခွဲဝေပြီးနေပြီ"လို့ ပြောပါတယ်။
ရေသန့်စင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကော်မတီကို ဂျပန်ကုမ္ပဏီက တာဝန်ရှိသူတွေလာရောက် တွေ့ဆုံသွားတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ပြောပါတယ်။
“ဂျပန်ကုမ္ပဏီအဖွဲ့တွေ လာတယ်။ မိတ္ထီလာကန် မင်းလှကန် ဝမ်းတွင်းက ဆေးဆိုးရေတွေနဲ့ ပတ်သက်ပြီး Treatment လုပ်ပေးချင်တယ်။ သန့်စင်ပေးချင်တယ်။ အကူအညီ ပေးချင်တယ် ဆိုလာတယ်။ ကျနော်နဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးကို သူတို့စရိတ်နဲ့ပဲ ဂျပန်ကို ဖိတ်တယ်။ လေ့လာရေးပေါ့။ သူတို့နိုင်ငံက စွန့်ပစ်ရေဟာ ဘေးထွက်ဆိုးကျိုးမပါဘူးဆိုတာတွေ ပြတယ်။ အခု ရေသန့်စင်မှုက ဘယ်နေရာလုပ်မယ်၊ အကုန်အကျ ဘယ်လောက်ရှိမယ်၊ အဲဒါတွေက ညှိနှိုင်းနေဆဲပါ။ သူတို့ကတော့ ကျန်းမာရေးအတွက် ကူညီရတာမို့ အကျိုးအမြတ်မကြည့်ဘဲ လုပ်ပေးချင်နေတာပါ။ အမြန်ဆုံး အကောင်အထည် ပေါ်လာဖို့လည်း လုပ်နေတယ်"
သာစည်မြို့နယ်မှာ မင်းလှကန်ကနေ စိုက်ပျိုးရေ သောက်သုံးရေ ပေးဝေနေတာပါ။ စည်ပင်သာယာက မြို့ရေပေးဝေရေးအနေနဲ့ မြို့ပေါ်မှာ ရေတိုင် ၂၅၀၀ လောက်နဲ့ ရေပေးဝေနေတယ်လို့ သိရပါတယ်။
မောင်မောင်လင်း(ဝမ်းတွင်း)











